" သတိုးခန့်ညား "
အိမ်ပေါ်က ဆင်းဆင်းချင်း ဧည့်ခန်းကို ဖြတ်အသွား ဖခင်ဖြစ်သူဦးခန့်ညားမင်း၏ အခေါ်ကြောင့် ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ ပြီးနောက် မိဘနှစ်ယောက်ရှိရာဆီကို ခြေသံငြိမ်ငြိမ်နဲ့ပဲ သွားလိုက်သည်။ မျက်နှာချင်းဆိုင် ဆိုဖာမှာ အေးဆေးစွာ ဝင်ထိုင်လိုက်ပြီးမှ မကြာခဏ ကြားနေရတဲ့ ဓါတ်ပြားဟောင်းကြီးကို နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
" ပြောပါ ဖေဖေ "
" ဒီအလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာလား။မင်းကို ဒီအသက်ဒီအရွယ်ထိ ငါတို့ဘက်က ဘာများတောင်းဆိုဖူးလို့လဲ။ မိသားစု လုပ်ငန်းကို သားအရင်းဖြစ်တဲ့ မင်းကို ဆက်ခံစေချင်တာ ငါတို့ လောဘကြီးမိတာလား။ "
သတိုးက လက်မှာကိုင်ထားတဲ့ ဆရာဝန်သုံး နားကြပ်ကို တင်းကြပ်စွာသာ ဖိဆုပ်ကိုင်ထားသည်။ဒါသူ့ဘဝ၊သူဝါသနာ၊သူ့အိပ်မက်ပဲ။လူ့ဘဝ ခဏလေးမှာ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို စေတနာထက်သန်စွာနဲ့ လုပ်ရင်း အများအကျိုးပြုချင်သည်။ ဘာမဟုတ်တဲ့ ငွေတွေနောက်လိုက်ရင်း မပေးဆပ်ချင်ပါ။ ငွေက လိုအပ်ချက် တစ်ခုဆိုပေမယ့် တော်ရုံဆို လုံလောက်ပြီ။ အများကြီး ရှာပြီး ဝါသနာမပါတဲ့ လုပ်ငန်းမှာ အချိန်မဖြုန်းနိုင်ပါ။ ကိုယ့်ဘဝအတွက် ကိုယ့်အိပ်မက်နောက်ကိုသာ လိုက်ရင်း ရှင်သန်ချင်ပါသည်။
" အကြိမ်ကြိမ် အတည်ပြုမေးနေရင်လည်း ဒီအဖြေပဲ ထွက်မှာကို ဘာလို့များ စိတ်အပင်ပန်းခံနေရလဲ ဖေဖေ။ ဒီလမ်းကြောင်းက ကျွန်တော် ရွေးချယ်တဲ့ လမ်းကြောင်းမို့ အဆုံးထိ ဒီလမ်းကိုပဲ လျှောက်မယ်။ ပိုက်ဆံနောက်လိုက်ပြီး အိပ်မက်တွေကို စွန့်လွှတ်မပစ်ချင်ဘူး။ အခုလည်း ကျွန်တော်တို့ အဆင်ပြေတာထက်ပိုနေတာပဲ။ ဝါသနာပါရင် ခုနှစ်နှစ်၊ခုနှစ်မိုးလောက် လမ်းဘေးပုံလှုူရင်တောင် မကုန်နိုင်ဘူး။ကျွန်တော့်ဆုံးဖြတ်ချက်က မယိမ်းယိုင်ဘူး။ "
" သားဖေဖေ ပြောတာက ... "
အမေဖြစ်သူ ဒေါ်မူယာကပါ ဝင်ပြောပေမယ့် သတိုးက ဆက်နားမထောင်ချင်တော့ပါ။ယဥ်ကျေးစွာပဲ ခေါင်းငုံ့နှုတ်ဆက်လိုက်ပြီး နေရာမှ ထသည်။