အခန်း(၁၄)

2.7K 278 3
                                    

'ဖွားဖွား'

ဝေသည် အသံထွက်ခေါ်ရန်ကြိုးစားသည်။ သို့သော် အသံက ထွက်မလာ။

ဖွားဖွားရေ။ ဝေ ချမ်းလိုက်တာ။ ဝေ ဘယ်ကို ရောက်နေတာလဲ။ ချမ်းလို့ ဝေ သေတော့မယ်ထင်ပါရဲ့။

'ဝေ ဝေ ဘာဖြစ်သလဲ'

ဖွားဖွားခေါ်တာပဲ။ ဒါပေမဲ့ ဖွားဖွားအသံမဟုတ်ဘူး။ အဲ့ဒါ ဘယ်သူလဲ။ ဝေ့မျက်လုံးတွေ ဖွင့်မရပါလား။ ခဏကြာတော့ ဝေ့တစ်ကိုယ်လုံးနွေးထွေးသွားပြီး အိပ်ပျော်သွားခဲ့သည်။

မနက်မိုးလင်းတော့ ဝေ ခေါင်းတွေအုံနေကာ ထမရ။ ဒေါ်မေဖြူစင်အခန်းထဲ ဝင်လာသည်။

'မင်းသက်သာရဲ့လား'

'အန်တီ'

'ညက မင်းတစ်ကိုယ်လုံးတုန်နေတာ၊ တို့ခေါင်းတွေအရမ်းပူသွားတာပဲ၊ စောင်ခြုံပေးမှ မင်းငြိမ်သွားတော့တယ်'

'ဝေ ဖျားပြီနဲ့တူတယ်' ဟုပြောတော့ ဒေါ်မေဖြူစင်က ဝေ့နဖူးကို လာစမ်းသည်။

'အင်း နည်းနည်းလေးတော့ ပူနေတယ်၊ ဒါပေမယ့် တို့လည်း အပူချိန်ဒီလောက်ပါပဲ'

တစ်နေ့ခင်းလုံး ဝေ စိတ်မကြည်၊ လူကနုန်းနေသည်။ ခေါင်းထဲလည်း မူးနောက်နောက်နှင့်။ ညနေရောက်သည်အထိ အိပ်ရာထဲသာ အချိန်ကုန်နေသည်။ ခေါင်းကြည်အောင် ကော်ဖီထဖျော်ပြီး သောက်သည်။ တစ်ငုံစာ ကျန်ခါနီးမှ တစ်ခုခုထူးဆန်းနေသလို။ ဝေ ကော်ဖီနံ့ကိုမရ။ စိတ်ထင်လို့လား ဟု ဖြေတွေးတွေးသော်လည်း မဟုတ်။ တကယ်ကို မရတာ။

ဝေ့ခေါင်းထဲ ထူပူသွားသည်။ ကိုဗစ်များလားဟု စိုးရိမ်စပြုလာသည်။ ဝေ အခန်းထဲပြေးဝင်ခဲ့သည်။ ရေချိုးခန်းထဲက အသံကြားရသည်။ ဒေါ်မေဖြူစင် ရေချိုးနေတာဖြစ်မည်။ ခဏကြာလျှင် ဒေါ်မေဖြူစင် ထွက်လာပြီး အဝတ်အစား ဝတ်မည်ကို သိသဖြင့် ဝေ စောင်းခေါင်းမြီးခြုံနေလိုက်သည်။ ခြေသံက မှန်တင်ခုံ ရှေ့တွင် ရပ်ပြီး ထပ်မကြားရတော့မှ ဝေ စောင်ကိုခွာသည်။

'အန်တီ' ဟု ခေါ်တော့ မှန်တင်ခုံရှေ့တွင် နှုတ်ခမ်းနီပါးပါးဆိုးနေသော ဒေါ်မေဖြူစင်က နှုတ်ခမ်းနီဆိုးမပျက်ဘဲ 'အင်း'ဟု ထူးသည်။

အချစ်လေတံခွန်Where stories live. Discover now