အခန်း(၁)

Start from the beginning
                                    

အခုလည်း အန်တီခင့်ကို တွေ့ပါရက်နှင့် နှုတ်မဆက်ရဲ။ အန်တီကလည်း ပန်းခူးနေသဖြင့် ဝေ့ကိုမမြင်။ ထို့ကြောင့် အန်တီ့ဘေးမှခပ်သွက်သွက် လျှောက်လိုက်ပြီး လမ်းထိပ်သို့ သုတ်ခြေတင်တော့သည်။ ဆိုင်တွင်လူကျနေ၍ စောင့်နေရသေးသည်။

'အန်တီဌေး၊ ထမင်းသုပ်နှစ်ပွဲ ပါဆယ်၊ သမီးစောင့်နေတာကြာပြီနော်၊ နောက်လာတဲ့လူတွေကို အန်တီ ကျော်လုပ်ပေးနေတာ'

'လုပ်ပေးမယ်သမီး၊ ခဏလေးပဲစောင့်'

မကျေမနပ်ဖြင့် ထိုင်စောင့်နေလိုက်သည်။

ထိုစဉ် လမ်းထဲမှ စူးစူးဝါးဝါး အော်သံတစ်ခု ကြားလိုက်ရသည်။ အစက ကလေးအော်သံ ထင်နေခဲ့သည်။ တကယ်တော့ ကလေးအော်သံမဟုတ်။ တစ်ခုခုဖြစ်နေသည့် အသံ။ ထိုင်နေရာမှ ဝုန်းခနဲထကာ လမ်းထဲသို့ အပြေးဝင်ခဲ့သည်။ အော်သံသည် ငိုသံသို့ပြောင်းလဲခဲ့ပြီ။ ထိုအသံသည် အန်တီခင်တို့အိမ်ထဲမှ ထွက်လာခြင်းဖြစ်သည်။

တံခါးပွင့်နေ၍ အန်တီခင်တို့ အိမ်ထဲဝင်လာခဲ့သည်။ အိမ်ရှေ့ဧည့်ခန်းတွင် အန်တီခင်သည် လဲကျနေသော သူ့အမျိုးသားကို ရင်ခွင်တွင်ပိုက်လျက် ငိုနေလေသည်။ အနားမှာလည်း တစ်ယောက်မှမရှိ။ ဝေသည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ အန်တီ့အိမ်မှ ပြန်ပြေးထွက်လာခဲ့ပြီး အိမ်ထဲသို့ဝင်ကာ ဖေဖေ့ကို အတင်းနှိုးလိုက်သည်။

'ဖေဖေရေ ထပါဦး။ အန်တီခင့်ယောက်ျား ဘာဖြစ်လို့လဲ မသိဘူး၊ လုပ်ပါဦး'

ဖေဖေသည် အိပ်မှုန်စုံမွှားနှင့် ငေါက်ခနဲထကာ အန်တီ့အိမ်ဘက်သို့ အပြေးသွားတော့သည်။ ဝေလည်း နောက်မှ လိုက်လာခဲ့သည်။ ဖေဖေသည် ဦးကောင်းမြတ်ကို စမ်းသပ်ကြည့်သောအခါ ခြေလက်များတောင့်တင်းနေလေပြီ။ ဖေဖေသည် ဆေးရုံကားခေါ်လိုက်သည်။ ဆေးရုံကား စောင့်နေစဉ် အန်တီသည် ဦးကောင်းမြတ်ကို ပြန်ရှင်လိုရှင်ငြား ခြေလက်တွေကို ဆုပ်နယ်ပေးလေသည်။

ဝေသည် အန်တီအရူးမီးဝိုင်းဖြစ်နေပုံကို ကြည့်ကာ ဝမ်းနည်းလာသည်။
အန်တီဟာ ဦးကောင်းမြတ်ကို သိပ်ချစ်တာပဲလား။ အင်းလေ ချစ်လို့ယူထားတာပဲ။
ကိုယ့်မျက်စိရှေ့တွင် လူတစ်ယောက်လုံး သေရေးရှင်ရေး ဖြစ်နေသည်ကို ဝေခေါင်းထဲတွင် ထိုကဲ့သို့အတွေးတွေ ဝင်ဖြစ်အောင်ဝင်နေလိုက်သေးသည်။ အတွေးကသာ တွေးနေခြင်းမျိုးပါ။ ဝေလည်း တစ်ခါမှမကြုံဖူးသော အဖြစ်ကို ကြုံတွေ့လိုက်ရခြင်းကြောင့်  ဒူးတွေက အခုထိ မငြိမ်ချင်သေး။ နှုတ်ခမ်းတွေတောင် တုန်ချင်နေသည်။

ခဏနေတော့ ဆေးရုံကားရောက်လာကာ ဦးကောင်းမြတ်ကို တင်ခေါ်သွားသည်။ ကားထဲတွင် အန်တီနှင့် ဖေဖေလိုက်သွားသည်။ ကားပေါ်မတက်ခင် ဘေးတွင် ကြောင်ကာ ရပ်ကြည့်နေသော ဝေ့ကို ဖေဖေက
'သမီး အိမ်ပြန်ပြီး နေလိုက်ဦး၊ အိမ်ရှေ့တံခါးလည်း ပိတ်ထားလိုက်ဦးနော်၊ မနက်စာ မစားရသေးရင် စားထားဦး၊ ဖေဖေပြန်လာရင် ခင်ဖြူစင်တို့ လိုအပ်တာတွေ တလှည့်စီ လုပ်ပေးရအောင်လို့' ဟုပြောသွားသည်။

ထမင်းသုပ်သွားယူရန် လမ်းထိပ်သို့ လျှောက်လာခဲ့သည်။ ဆိုင်ရှင်က အကျိုးအကြောင်းမေးနေသည်ကို ကြားတစ်ချက် မကြားတစ်ချက်။ အန်တီငိုကြွေးနေသည့် ပုံရိပ်က မျက်လုံးမှမထွက်။ ချစ်ခြင်းဟာ ပူလောင်စေတတ်တဲ့ သဘောပါလား။ ချစ်ခြင်းထက် ချစ်ရသူကို ဆုံးရှုံးရခြင်းဒုက္ခက ပိုဆင်းရဲပါလားဟု တွေးနေမိသည်။

အန်ကယ်ဦးကောင်းမြတ်က ရုတ်တရက်ကြီး ဘာဖြစ်လို့ဆုံးသွားတာလဲ။ မနေ့ကတောင် ခြံထဲမှာ sound boxနဲ့သီချင်းဖွင့်ပြီး အသံဩဩကြီးနဲ့လိုက်ဆိုနေတာ ကြားခဲ့သေးတာ။ ခါတိုင်းနေ့လယ်နေ့ခင်းဆိုလျှင် ဦးကောင်းမြတ်ဖွင့်သော ခေတ်ဟောင်းမြန်မာသီချင်းများကို နားထောင်ချင်၍ ခြံထဲတွင် စာလုပ်သလိုနှင့် နားစွင့်ထောင့်လေ့ရှိသော ဝေသည် နောက်ဆို သီချင်းသံများကို ကြားရတော့မည်မဟုတ်ပါ။ ထို့ပြင် စနေ၊ တနင်္ဂနွေလို ပိတ်ရက်မျိုးတွင် အန်တီနှင့် ဦးကောင်းမြတ် စိတ်လိုလက်ရ စကားတွေပြောကြ၊ သီချင်းတွေအကြောင်းပြောသံကို ဝေကြားရတော့မည်မဟုတ်ပါ။ တကယ်တော့လည်း သီချင်းတွေထက် နှစ်လိုဖွယ်ကောင်းသော အန်တီ့အသံကို မကြားရတော့မည်ကို ဝေတစ်ယောက် ပိုအခံရခက်မိပါသည်။ အတွေးများ ပြန့်ကြဲနေ၍ ထမင်းသုပ်လည်း ဆက်စားချင်စိတ်မရှိတော့ပါ။

အချစ်လေတံခွန်Where stories live. Discover now