အခန်း(၁၆)

Start from the beginning
                                    

'အန်တီ ဒီမှာနေရင် မိုင်လိုကို ပြန်ခေါ်မထားဘူးလား'

'ဘာလို့လဲ မင်း မိုင်လို့ကို လွမ်းနေတာလား' ဟု ပြုံးစစဖြင့် ပြောသည်။

'မဟုတ်ပါဘူး၊ မိုင်လို့ကို ပြန်မခေါ်ဖြစ်သေးရင် ဝေ အန်တီနဲ့ လာအိပ်ပေးရမလား'

ဒေါ်မေဖြူစင်က ကိုယ့်နားကိုယ်မယုံချင်သလို။

'အန်တီ တစ်ယောက်တည်းဆိုရင်လေ'

'အင်း၊ မင်းလာပေးမလား၊ မိုင်လိုမရှိရင်တော့ အိမ်ထဲ တို့တစ်ယောက်တည်းရယ်'

'ဟုတ် အဲ့ဒါဆို ဝေ ညနေစောင်းမှ ပြန်လာတော့မယ်'

သားအဖနှစ်ယောက်သည် မတွေ့တာကြာပြီဖြစ်၍ စကားကောင်းနေကြသည်။ ပုသိမ်မှ ပါလာသည့် လက်ဆောင်များကိုလည်း ခုမှဖွင့်ကြည့်ရသည်။

'ဒီမှာ သမီးအဒေါ်က သမီးဖို့ လက်ဆောင်တွေပေးလိုက်သေးတယ်၊ ဒီမှာ ထဘီနှစ်ထည်နဲ့ အင်္ကျီစတွေ၊ ဘာအဆင်ဆိုလား ဖေဖေ့ကိုပြောတော့ပြောတယ်၊ နာမည်က ခပ်ဆန်းဆန်းရယ်၊ သမီးကို တစ်ယောက်တည်း ထားခဲ့ရကောင်းလားလို့ ဖေဖေ့ကို ပြောဆိုနေလေရဲ့'

ဖေဖေ့အကိုကြီး၏ မိန်းမက ဝေ့ကိုခင်ရှာပါသည်။ အဒေါ်ရင်းတစ်ယောက်လိုပင်။ ငယ်ငယ်က ပုသိမ်များ သွားလည်ပြီဆို ဝေကလေး၊ ဝေကလေးနှင့် ဝေကြိုက်တာတွေချည်း ချက်ကျွေးတတ်သေးတာ၊ သူ့မှာ ယောက်ျားဆုံးတဲ့ကြားထဲက ဝေ့ဖို့ တကူးတက လက်ဆောင်တွေထည့်ပေးလိုက်သေးတာ။ တကူးတကတော့ မဟုတ်ပါဘူးလေ။ သူတို့ဆိုင်မှာရောင်းတဲ့ထဲက ဝေ့ကို လက်ဆောင်ပေးလိုက်ပုံပါပဲ။ အမေတစ်ယောက်လုံး ကျန်နေသေးတာတောင် အဖေ့အမွေကို တောင်းကြသည့် သားသမီးများနှင့် အဒေါ်ဘယ်လိုရှေ့ဆက်မလဲ။ ဆိုးလိုက်တာ။ ဒါတွေကို စဉ်းစားမိပြန်တော့လည်း ဝေ့မှာ ကိုယ့်ဦးလေးအရင်း၏ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ဖြစ်သည့်အတွက် တာဝန်မကျေသလို ခံစားလာရသည်။

ထဘီတွေကို ဖြန့်ကြည့်လိုက်တော့ အဆင်လေးတွေက လှလိုက်တာ။ အရောင်ပဲ ကွဲသည်။ တစ်ထည်က အပြာရောင်၊ တစ်ထည်က နံသာရောင်။ အပြာရောင်လေးက အန်တီခင်နဲ့ဆို သိပ်လိုက်မှာပဲ၊ အန်တီခင့်ကို တစ်ထည်၊ အန်တီမေဖြူစင့်ကို တစ်ထည် လက်ဆောင်ပေးရင်ကောင်းမလား။
ဝေသည် တစ်အိတ်စီထည့်လိုက်ပြီး တစ်ဖက်အိမ်သို့ ကူးသည်။

အချစ်လေတံခွန်Where stories live. Discover now