"ကျုပ် ၃ရက်လောက်ပဲ ငှားရမ်းချင်တာပါ....ဒါတောင် မဖြစ်ဘူးလား...."

ဆရာရသနှင့် သူဌေးလေးဆိုသူမှာ တစ်ယောက်တစ်ခွန်းညှိနှိုင်းနေကြသည်။ တစ်ခေတ်မောင် မနေသာတော့။ ဝင်ပြောမှရပေတော့မည်။

"အခုလည်း သုံးရက်ကပြဖျော်ဖြေမှာပဲလေ...သည်မှာပဲ အဝကြည့်လည်း ရနေတာပဲမဟုတ်လား...."

တစ်ခေတ်မောင်ရဲ့ လေသံက ခပ်မာမာရယ်မို့ ဆရာရသက သူ့အား ဆက်မပြောရန် မျက်နှာရိပ်ပြလာလေ၏။

"မတူဘူး....ကျုပ်က ထွင်းအက္ခရာရဲ့အကအလှကို ကျုပ်တစ်ယောက်တည်း အဝရှုစားချင်တာ..."

ထိုသူက ထိုစကားကို တစ်ခေတ်မောင်ဘေးရှိ အစ်ကိုထွင်းအား စူးရရဲကြည့်ရင်း ပြောလာသည်မို့ တစ်ခေတ်မောင် စိတ်ထဲ ဒေါသထောင်းခနဲ ထွက်သွားလေ၏။

"မဖြစ်နိုင်ဘူး...."

"တစ်ခေတ်မောင်!!!"

သူဌေးလေးနှင့် တစ်ခေတ်မောင်ကြား မာကြောနေသော လေထုအား ဆရာရသ ဖြိုခွဲရသည်။ 'တစ်ခေတ်မောင်'ဟု ခပ်ဆတ်ဆတ်အော်လိုက်လျက် ဆက်မပြောရန် တားလာလေ၏။ အစ်ကိုထွင်းကတော့ လွန်စွာတည်ငြိမ်နေကာ ဘာဆိုဘာမျှ မပြောပါချေ။ သက်ပြင်းသဲ့သဲ့ချနေသံကိုတော့ ဘေးရှိ တစ်ခေတ်မောင်အတိုင်းသား ကြားနေရသည်။

"သူဌေးလေးကို အားနာပေမဲ့ မဖြစ်နိုင်လို့ပါ....."

ဆရာရသက လေသံအေးအေးလေးဖြင့် မျက်နှာကြောတင်းတင်းနှင့် သူဌေးလေးအား ရှင်းပြလာ၏။ သူဌေးလေးဆိုသူကတော့ မျက်နှာကြောကို လုံးဝမလျှော့ပါချေ။ သူ့အသံခပ်သြသြက နောက်ထပ်ထွက်ပေါ်လာ၏။

"ကျုပ်နှစ်ဆပေးမယ်...."

"ဗျာ!!!!"

ဆရာရသက လန့်လန့်ဖြန့်ဖြန့်ထအော်၏။ အစ်ကိုထွင်းကို ကြည့်လိုက်လေတော့ လက်သီးကလေးတင်းတင်းဆုပ်နေသည်ကို တွေ့ရလေ၏။

"ဟုတ်တယ်....ကျုပ်နှစ်ဆပေးမယ်....သုံးရက်အဆင်မပြေရင် ကျုပ်တစ်ညပဲ ငှားရမ်းမယ်...သို့ပေတိ တစ်ချက်တော့ ရှိတယ်...."

"ဘာများလဲ...သူဌေးလေး..."

နှစ်ဆဟူသော စကားကြားပြီးကတည်းက ဆရာရသမှာ ဖင်တကြွကြွဖြင့် အသံတုန်တုန်ယင်ယင်ဖြစ်လာသည်။ မှန်တာပေါ့။ သည်ကမ္ဘာပေါ်မယ် အသပြားမမက်သူ ဘယ်ဝယ်ရှိပါ့မလဲ။ သူဌေးလေးဆိုသူက အစ်ကိုထွင်းအား ရီဝေဝေစိုက်ကြည့်လာလျက် သြရှစွာ ပြောလေသည်။

သည်မောင် လက်ခုပ် တီးပါ့မယ် ( သည်မောင် လက်ခုပ် တီးပါ့မယ်) Where stories live. Discover now