Unicode
မနွယ်နွယ်နဲ့အတူ ဆေးရုံရှေ့တွင် သရက်သီးထွက်ဝယ်နေချိန် မမမွှေးက ဆေးရုံထဲမှ သုတ်တီးသုတ်ပြာဖြင့်ထွက်လာ၏။
"နွယ်နွယ် ပြန်ရအောင်...."
မနွယ်နွယ်လက်ကိုဆွဲလျက် ပြောလာလေသော မမမွှေးမှာ အလျင်လိုနေသကဲ့သို့ပင်။ မျက်စိမျက်နှာလည်းပျက်နေလေပြီး ခန္ဓာကိုယ်လေးသည်လည်း တဆတ်ဆတ်တုန်ယင်နေတော့သည်။ လက်ဆွဲခံရသော မနွယ်နွယ်မှာ ကြောင်တောင်တောင်လေးဖြစ်နေလျက်။
"မမမွှေး....ဘာလို့လဲဟင်...အစ်ကိုအက္ခရာနဲ့ စကားပြောပြီးပြီလား.....အဆင်ပြေရဲ့လား...."
မနွယ်နွယ်က စိုးရိမ်တကြီးမေးနေပါသော်လည်း မမမွှေးမှာ ခေါင်းကိုသာ တွင်တွင်ငုံ့၊ ခပ်တွင်တွင် ခေါင်းသာခါနေကာ အင်းမလုပ် အဲမလုပ်။
"ပြန်ရအောင် နွယ်နွယ်...မမမွှေးပြန်ချင်ပြီ...."
"ဟုတ်ပါပြီ မမမွှေး...."
သို့နှင့် နွယ်နွယ်မှာ မမမွှေး ဆွဲခေါ်ရာနောက် တရွတ်တိုက်ပါသွားမတတ် လိုက်ပါသွားတော့၏။ သရက်သီးဆိုင်ရှေ့တွင် ရပ်နေသော တစ်ခေတ်မောင်မှာသာ ခပ်ကြောင်ကြောင်ကလေး ကျန်နေခဲ့၏။ ယခုနကမှ အာပေါက်မတတ် စျေးဆစ်ထားလေသော သရက်သီးထုပ်ကလေးမှာ သူ့လက်ထဲတွင် မျက်နှာငယ်စွာ။ ခေါ်တုန်းကဖြင့် အတင်းအကြပ်ဆွဲခေါ်လာပြီး သူ့မမလာခေါ်ကာကျ သည်လူကို နှုတ်ဆက်ဖို့ပင် သတိမရသွားလေသော မနွယ်နွယ်ကြောင့် တစ်ခေတ်မောင်မှာ ဟွန်းခနဲ နှာမှုတ်မိလျက် လက်ထဲရှိ သရက်သီးထုပ်ထဲမှ သရက်သီးတစ်စိတ်အား ဆောင့်ကြီးအောင့်ကြီးဖြင့် ပါးစပ်ထဲ ကောက်ထည့်လိုက်တော့သည်။
"အားလားလား....ချဥ်လိုက်တဲ့ဖြစ်ခြင်း...."
တစ်ခေတ်မောင်တစ်ယောက် မျက်နှာကြီးရှုံ့မဲ့သွားရတော့သည်။ သည်ချဥ်တူးနေသော သရက်သီးကို မနွယ်နွယ် ဘာကြောင့်များ သည်လောက်ကြိုက်ရသလဲမပြောတတ်။ ပါးများတောင့်လာသည်မို့ ဆက်ပင်မဝါးနိုင်တော့ပေ။ လမ်းဘေးအမှိုက်ခြင်းထဲသို့ ဝါးလက်စ သရက်သီးအား ဖွီခနဲ ထွေးလိုက်ရတော့သည်။ သူ့မှာ ယောင်တောင်တောင်ကလေးဖြင့် သရက်သီးထုပ်ကလေးကိုင်လျက် ဆေးရုံထဲသို့ ပြန်ဝင်ရန် ဆက်လျှောက်လာလိုက်သည်။ ထိုအချိန်တွင်ပင် မြေအိုးများအား အထမ်းစင်ကလေးဖြင့် သယ်ကာအထိုင်ချနေသော အသည်အား တွေ့လိုက်ရသည်။ ထိုအသည်မှာ မုန့်လက်ဆောင်းသည်သာဖြစ်တော့၏။
YOU ARE READING
Romanceအစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...