Unicode
"အလှအပကို အဆိုရယ် အကရယ်နဲ့ သီကာကြူးပြမဲ့ 'ထွင်းအက္ခရာ'ဆိုတဲ့ နှမငယ်လေးရေ!!!"
လူပြက်အဖွဲ့ခေါင်းဆောင်၏ ခပ်သြသြခေါ်သံအဆုံး ဆိုင်းဝိုင်းအလယ်က ဆိုင်းဆရာရွာစားကလည်း တေးတစ်ပုဒ်ကို အဖွင့်လှုပ်လိုက်လေရဲ့။
ဇာတ်ခင်းတစ်ခုလုံးရှိ ပုရိသတ်အားလုံးတို့၏ စိတ်လိပ်ပြာအစုံနှင့်အတူ စိတ်စေရာအတိုင်းဖြစ်သော မျက်ဝန်းအကြည့် ရွှန်းရွှန်းစားစားတို့သည်လည်း လိုက်ကာနီနီနောက်မှ ထွက်ပေါ်လာမည့် ဇာတ်သမကလေးအပေါ် ပုံကာအပ်ထားကြလေသည်။
ဇာတ်သမကလေးထွက်လာသည်နှင့် ဇာတ်တစ်ခင်းလုံး သောင်းသောင်းဖြဖြအော်ဟစ် အားပေးကြကာ ဆူဆူညံညံပွက်လောရိုက်သွားကြသည်။ လက်ခုပ်တီးသူကတီး၊ လေချွန်သူက ချွန်၊ လက်ခေါက်မှုတ်သူက မှုတ်နှင့်မို့ တစ်ကွင်းလုံး ဆူဆူညံလို့။
ညံဆို ထိုပုရိသတို့ရှေ့ ဇာတ်စင်ပေါ်မှာ ခြောက်ထပ်သောနတ်ပြည်က ကတိုက်ကရိုက်ဆင်းကာကျလာတဲ့ နတ်သမီးတစ်ပါး နေရာယူနေသည်လေ။
သတင်းတို့မှာ မှန်လှသည်။ အတင်းတို့မှာ ညံလှသည်။ သူမသည်လည်း အတော်လှသည်။
သူမဟာ ဒေါင်းမကလေးလို ကကြိုးဆင်နေသည်။ သာယာနာပျော်ဖွယ်ရှိသော သူမ၏ အသံသည် ဆူညံနေသော ကွင်းတစ်ခုလုံးကို အုပ်နိုင်လေရဲ့။
လှရက်လိုက်လေခြင်းရယ်လို့ အာဂုဏ်ဆောင်ရလောက်သည်အထိ သူမ၏ အလှသည် ညှို့ချက်ပြင်းလှသည်။
ဇာတ်လာမကမှီ ရှေ့ရက်များကတည်းက ထွင်းအက္ခရာဟူေသာ ပျိုနှမ၏ ဂုဏ်သတင်းသည် ကာလသားများ ပါးစပ်ဖျားတွင် စွဲလို့။မည်မျှလှကြောင်း၊ မည်မျှ သဘောကျဖွယ်ကောင်းကြောင်း၊ မည်မျှအကတော်ကြောင်း၊ မည်မျှ အဆိုတော်ကြောင်း စသောစသော ချီးမွမ်းဂုဏ်တင်သံတွေကို အတိသယဝုတ္တိအလင်္ကာတစ်ခုဟုသာ ထင်ကြပေမဲ့ ယခုလို နှဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရခါမှ "ဟာ...နောင်ကြီးတို့ ပြောတာ လိုနေသေးသပ..."ဆိုပြီး ထပ်လောင်း ဖြည့်စွက်ချင်စိတ်တွေ တဖွားဖွားပေါ်လို့။
သူကြီးကတော်ကြီး မသန်းတင့်မျက်နှာကတော့ မသာယာတော့ပေါင်။ သူ့ဘေးနားက သူ့လင်ယောက်ျားသူကြီးကို မျက်စောင်းတွေ ဝင့်ဝင့်ထိုးရင်း နှုတ်ခမ်းပန်းနား မဲ့ရွဲ့ပြနေတော့သည်။ အရိပ်သုံးပါးနားမလည်တဲ့ သူကြီးဆိုသူကတော့ ခေါင်းပေါင်းကြီးကိုတောင်ဖြုတ်ကာ စင်ရှေ့ဖင်တိုးသွားလိုက်တာများဆိုတာ မြင်လို့မကောင်း။ အဆီတဝင်းဝင်းထနေတဲ့ သူ့မျက်နှာကြီးကို အကွက်ကျဲကျဲခေါင်းပေါင်းစကြီးနဲ့ ဖိသုတ်ကာ တဟဲဟဲဖြီးနေတော့သည်။
YOU ARE READING
Romanceအစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...