အမြန်ပြန်စေချင်သည့်မအေးကို အနားမှာပြန်ထိုင်ခိုင်းသလိုဖြစ်သွား၍ သူ့ကိုယ်သူလည်း ကျိန်ဆဲလိုက်မိသည်။ ဘာမဆို မလုပ်ရဲ၊ မပြောရဲတာ မရှိသည့်မအေးကို သူလန့်သွားမိသည်။
"ဘာလို့ပြန်ထိုင်တာလဲ"
သူအလောတကြီးမေးလိုက်လျှင် မအေးက နူတ်ခမ်းဖူးဖူးလေးကိုတစ်ချက်ကွေးအောင်ပြုံးလိုက်၏။ ပြီးမှ အပြုံးတွေပျောက်ကွယ်သွားပြီး သူ့မျက်လုံးတစ်စုံကို စူးစိုက်ကြည့်ကာ....
"မိုးတအားချုပ်နေလို့ မနက်မှပြန်ရင်ကောင်းမလား"
မအေးစကားကြောင့် သူ့မှာငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံရသလို နားထင်ကြောများပင်ထောင်တက်သွားလေသည်။ ဘာမဆိုလုပ်ရဲသည့်မအေးသည် ကျိန်းသေပေါက် သူ့ကိုပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ရောစုန်မြောအောင်လုပ်တော့မည်ဖြစ်သည်။ သူလန့်ထိတ်ကာ ကပြာကယာပင် အသည်းအသန်ပြန်ခိုင်းရသည်။
"မဖြစ်ဘူး....မဖြစ်ဘူး၊ ခင်ဗျားပြန်ပါ။ အခုမှဆယ်နာရီလောက်ပဲ ရှိဦးမှာ"
"မပြန်ရဲဘူး"
လှောင်ပြောင်ချင်းမပါဘဲ ပကတိငြိမ်သတ်နေသည့် မအေး၏စကားတွေက ကျီစယ်တာမဟုတ်မှန်း သိရသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးထူပူသွားလေသည်။ သူ့ကိုမျက်လုံးချင်းဆုံကာ ကျုံ့ကျုံ့လေးထိုင်ကြည့်နေသည့် မအေးကို ပြန်ခိုင်းဖို့သာ တာဆူနေမိသည်။
"မပြန်ရဲစရာအကြောင်းမရှိဘူး။ ခင်ဗျားအရင်ကလည်း ဆိုင်တွေသွားရင် မိုးချုမှပြန်တာမဟုတ်ဘူးလား။ ဘာလို့အခုမှမပြန်ရဲတာလည်း။ ခင်ဗျားကျုပ်ကို အဲ့လိုလာမနောက်နဲ့ ပြန်ပါ"
"မနောက်ဘူး...ကျွန်မအတည်ပြောနေတာ၊ တကယ်မပြန်ရဲဘူး။ အရင်က ဆိုင်ကနေပြန်တယ်ဆိုတာ ချမ်းသာကအကြိုအပို့လုပ်ပေးတယ်လေ။ နောက်ပြီး ပုတုတို့ပုံ့ပုံ့တို့က စောင့်နေပေးတယ်"
"အခုလည်း ချမ်းသာကိုလာကြိုခိုင်းလိုက်ပါလား"
"ကျွန်မမှာဖုန်းမပါဘူး"
"ဟာ..."
အိပ်ရာထဲမှာ လဲနေသည့်ဆာဟိဘန်မှာ သေချင်စိတ်ပေါက်သလို သက်ပြင်းချရင်း ညည်းညူလိုက်မိသည်။ အမြဲလိုလိုမာဆက်ဆက်နှင့် အကြောတင်းသည့်မအေးသည် ယနေ့ညမှ သာမန်နှင့်မတူ ပျော့ပြောင်းလွန်းရုံသာမက ကြောက်ရွံ့သလိုလို မဝံ့မရဲသလိုလို လုပ်ပြနေသည်မှာ ဘာမှန်းမသိ။ သူ့မှာသာ ခေါင်းမီးတောက်နေရလေသည်။ မနက်မှသူ့အိမ်ထဲကနေ မအေးပြန်ထွက်သွားသည်ကို တစ်စုံတစ်ယောက်ယောက်မြင်သွားလျှင် သူ့ဘဝသွားမည်။
YOU ARE READING
စားစော်
Romanceယောကျ်ားတွေသာ အများဆုံးလုပ်ရဲသည့် လုပ်ငန်းတွေကိုလုပ်ကိုင်နေသည့် မိန်းမတစ်ယောက်ရဲ့ဘဝ။ 2D 3Dဒိုင်ချုပ်၊ အနှိပ်ခန်း၊ KTV တို့ဖွင့်ရုံသာမက ယောကျ်ားငယ်ငယ်ချောချောလေးများကို ကတော်မမများထံ အခကြေးငွေယူ၍ ပန်းဆက်သည့်အလုပ်ကိုပါ လုပ်ကိုင်သည့်မိန်းမတစ်ယောက်။ တစ်...
part 23(zgyi)
Start from the beginning