"နင့်ကို မအေးက အရင်းနှီးအလကား ထုတ်ပေးတာမဟုတ်ဘူးလား"

"မဟုတ်ပါဘူး။ ဒါပေမဲ့ အတိုးမယူဘူးလေ။ ရပ်ကွက်ထဲမှာ ပိုက်ဆံချေးပြီး ဆိုင်ဖွင့်ရင်သူများကိုလုပ်ကျွေးသလိုဖြစ်မှာ။ နေ့ပြန်တိုးတောင် ဆယ့်ငါးကျပ်တိုး နှစ်ဆယ်တိုး။ တစ်နေ့တစ်နေ့ရောင်းရတဲ့အမြတ်က အတိုးနဲ့တင်သွားမှာ။ အခုမမအေးက အတိုးမယူဘဲ လိုသလောက်ပိုက်ဆံချပေးတာ။ ကျေးဇူးတင်လို့မဆုံးဘူး"

"ယုံကြည်ရင် ဘုရား၊ ကိုးကွယ်ရင် အဆုံးဆိုသလို နင်ကမအေးကို ဘုရားတင်နေတော့လည်း မပြောတော့ပါဘူး။ အကြွေးကျေရင်တော့ ထပ်မသွားနဲ့တော့။ အခုလည်း ငါ့ဆီကပြန်ရင်မအေးဆီသွားမှာမလား။ သွားတော့လေ။ မိုးချုပ်ရင် အဲ့အိမ်ကအဝင်အထွက်လုပ်လို့ မသင့်တော်ဘူး"

"အေး...နည်းနည်းတော့မှောင်နေပြီ"

"ငါလိုက်ပို့ပေးရမလား"

အရင်လိုဆို ငါလိုက်ပို့ပေးမယ်၊ သွားရအောင်ဟု ပေါ့ပေါ့ပါးပါးပြောထွက်ပေမဲ့ အခုနောက်ပိုင်း ခိသာဝါက ပိုင်ရှင်တံဆိပ်ကြီးနဲ့မို့ သူမဝံ့မရဲသာ မေးလိုက်ရသည်။ သူကသာ တွန့်ဆုတ်တွန့်ဆုတ်ုဖစ်နေသော်လည်း ခိသာဝါကတော့ ချက်ချင်းခေါင်းညိတ်၏။

"ဆိုင်ကယ်နဲ့လိုက်ပို့မှာလား။ ကျေးဇူးတင်လိုက်တာ ဆာဟိရေ။ ငါတော့ကံကောင်းပြီဟေ့"

"ငါ့နောက်ကနေ လိုက်စီးရင် နင့်ဘဲက ဂျေဝင်နေဦးမယ်"

"အောင်မလေး စိတ်မပူနဲ့ သူကဂျေမဝင်တတ်ဘူး။ နင့်ကိုသူသိတယ်။ ငါ့အချစ်ဆုံးသူငယ်ချင်းကို ဂျေစရာလား"

ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ဖြေသည့် ခိသာဝါကိုကြည့်ပြီး သူခေါင်းတစ်ချက်ညိတ်လိုက်သည်။ အိမ်ထဲကနေ ဆိုင်ကယ်ထုတ်တော့ ဝေယံနှင့် ကောင်းဆက်က ဆင်းလာကြသည်။ ဘယ်သွားမလို့လဲဟု မေးဆက်ပြလျှင်....

"ခိသာဝါကို မအေးအိမ်ဘက် လိုက်ပို့ပေးမလို့"

"မိုးချုပ်နေပြီ"

"အဲ့ဒါကြောင့် လိုက်ပို့တာပေါ့။ မင်းတို့ပြန်ချင်ရင် အိမ်ကိုတံခါးပိတ်သွားဦး။ ငါသူ့ကိုလိုက်ပို့ပြီးပြန်လာခဲ့မယ်။ "

စားစော်Where stories live. Discover now