အထူးတန်းတွင် လူများလှပြီး ခရီးသွားရာသီဖြစ်သည့်အလျောက် နိုင်ငံခြားသားများလည်း များစွာလိုက်ပါစီးနင်းကြသည်။ ကံကောင်းစွာဖြင့် သူထိုင်ရမည့် နေရာက ရထားတွဲ၏ ထိပ်ဆုံးနေရာတွင်ဖြစ်သည်။ စောယွန်းက လွယ်အိတ်နှင့် ကင်မရာအိတ်ကို စင်ပေါ်သို့ မတင်ပဲ ဘေးခုံတွင် ချကာ ပြတင်းပေါက်တံခါးကို အပေါ်သို့ တွန်းတင်၍ ဖွင့်လိုက်သည်။

စောယွန်းက ကင်မရာကို ထုတ်ကာ လည်ပင်းတွင် ကင်မရာကြိုးကို ချိတ်လိုက်သည်။ ခွက်ထားနိုင်သည့် နေရာပါသဖြင့် အိမ်မှ အသင့်ဖျော်လာသည့် ကော်ဖီ Thermo ဘူးကို ထိုနေရာတွင် ထည့်သည်။ ရထားထွက်မည့်အချိန်ကို စိတ်မရှည်စွာ စောင့်ရင်း ကင်မရာထဲမှ ဓာတ်ပုံအချို့ကို ကြည့်နေမိသည်။

တစ်ယောက်တည်း ခရီးထွက်ရသည်မှာ လွယ်သည်ဟုလည်းမဆိုနိုင်သလို ၊ ခက်သည်ဟုလည်းမပြောနိုင်ပေ။ ငြီးငွေ့ဖွယ်ကောင်းသော်ငြား မိမိသဘောအတိုင်း ခြေဦးတည့်ရာသွားနိုင်သဖြင့် အကောင်း အဆိုး ဒွန်တွဲနေသည်ဟု ဆိုရမည်။ လေးပင်နေသည့် စိတ်ကို ဖြေလျော့နိုင်ရန်မှာကား တစ်ယောက်တည်း ခရီးသွားခြင်းက သူ့အတွက် အကောင်းဆုံး ဖြေရှင်းနည်းပင်။ 

လိုအပ်သည့် ပစ္စည်းအချို့သာ သယ်၍  စိမ်းစိုနေသည့် အပင်များ၊ တသွင်သွင်စီးနေသည့် မြစ်ချောင်းများနှင့် ခမ်းနားစွာ တည်ရှိနေသော အနုပညာလက်ရာများကို ငေးမောနေရင်း နှလုံးသားထဲမှ ရှုပ်ထွေးနေသည့် ပုစ္ဆာများကို လျစ်လျူရှုထားနိုင်သည်။ ရံဖန်ရံခါတွင် အဖြေအချို့က သူ့အလိုလို လမ်းရှာကာ ရောက်လာလေ့ရှိသည်။  

ရုတ်တရက် စောယွန်း၏ မျက်လုံးထဲတွင် လူရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်း ခေါင်းမော့၍ ကြည့်လိုက်သည်။ သူ၏ အရှေ့ မျက်နှာချင်းဆိုင် ခုံတွင် လူငယ်တစ်ယောက်က သွက်လက်စွာ ဝင်ထိုင်သည်။ ထို့နောက် ထိုလူငယ်က မျက်မှန်ဝိုင်းများကို ကျော်၍ စောယွန်းကို ကြည့်လိုက်သည်။

မျက်လုံးချင်းဆုံမိသည့် အချိန်တွင် လူငယ်က ပြုံးလိုက်သဖြင့် စောယွန်းကလည်း ပြန်လည်ပြုံးပြမိသည်။ ထို့နောက် ခေါင်းကို အသာနောက်လှည့်၍ ရထားတွဲကို ကြည့်သည့်အခါ ခရီးသည်များနှင့် အပြည့်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အရှေ့ကိုသာ ပြန်လှည့်လိုက်ရသည်။

ဟေမန္တအလွန်Where stories live. Discover now