'ထီးကမလုံဘူး မိုးကအရမ်းရွာနေတာ အနားတိုး' ဟု သူမကိုဘေးကနေအော်ပြောနေ၏။ပုခုံးချင်းနှစ်ခုထိကပ်မိသွားသည်အထိ 'ဂန်ဟန်' လဲအနားသို့တိုးဝင်ပစ်လိုက်တော့သည်။

ကိုယ်ဘယ်လောက်ပဲရှောင်ပြေးပါစေဦး။ခြယ်ကသူမအနားသို့ ပိုနီးကပ်လာခဲ့သည်မဟုတ်လား။ဒါကြောင့်ဒီတစ်ခါတော့ အကြောင်းမဲ့ ရူးကြောင်ကြောင်ရှောင်နေတာမျိုးမလုပ်တော့ဘူးဟု ကိုယ့်ကိုယ်ကိုစိတ်ထဲကနေ ကျိန်ဆဲပစ်လိုက်သည်။

'လာ မိုးရေထဲပြေးကြရအောင် ၊ထီးကိုပိတ်လိုက်' ဟုဆိုကာ သူမလက်ထဲကိုင်ထားသည့်ထီးကိုယူပိတ်ပစ်လိုက်ပီး တစ်ဖက်ကထီးကိုကိုင်ကာ တစ်ဖက်ကတော့ သွယ်ပြီးရှည်တဲ့သူမလက်ဖဝါးနုနုကလေးကိုဆွဲပီး တံတားဆုံးတဲ့ထိပြေးသွားလိုက်သည်။

'ဟာ မိုးတွေစိုကုန်ပီ ဘာလုပ်တာလဲ'ဟုအော်ပီး သူမဆွဲခေါ်ရာနောက်သို့ မငြင်းပဲရယ်မောကာလိုက်ပါလာ၏။

ထိုအချိန်သည်
တံတားပေါ်တွင်
သန်လျင်တွင်
ရန်ကုန်တွင်
အဆုံးဆုံးပြောရရင် ဒီကမ္ဘာပေါ်တွင်
သူမတို့နှစ်ယောက်ထဲပဲရှိသည့်အလား မိုးရေထဲပြေးလွှာနေကြသည့် ကောင်မလေးနှစ်ယောက်၏ပုံရိပ်က မိုးရာသီ၏ပန်းချီကားတစ်ချပ်သဖွယ် ခမ်းနားကာနေခဲ့သည်။

ကားမှတ်တိုင်တစ်ခုအောက်တွင်ရပ်ထားသော taxiကိုငှားကာ ရေစိုနေသောအဝတ်အစားတို့နှင့် တက်လိုက်လာခဲ့ကြသည်။

တက္ကစီသမား ဦးလေးကြီးမှ 'ဘယ်ကိုမောင်းပေးရမလဲ သမီးတို့၊မိုးမိလာကြတာလား'ဟုမေးမှ နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြသည်။

'မြောက်ဥက္ကလာကိုသွားမှာဦးလေး'

မိုးရွာနေသောကြောင့်ကားမှန်တွေကိုအလုံပိတ်ထားရသဖြင့် airconကိုဖွင့်ထားဟန်တူသည်။ဘေးကိုတစ်ချက်ကြည့်လိုက်တော့ ခြယ်က လက်တွေတုန်နေပြီး အညိုရောင်နှုတ်ခမ်းပါးတွေကခရမ်းရောင်အသွင်ပြောင်းနေပြီဖြစ်သည်။

'ဦးလေး airconလေးတစ်ချက်ပိတ်ပေးပါလား၊မိုးစိုလာတော့ ချမ်းနေလို့'ဟု 'ဂန်ဟန်' ကကားဆရာကိုလှမ်းပြောလိုက်သည်။

"ခြယ်"Where stories live. Discover now