အခန်း ငါး

474 73 5
                                    

လိုရာကို ပျံပါတော့
လေစုန်ကို ဆန်ပါတော့ ..
ပြတ်လို့သွားတဲ့စွန်.. ရစ်ဘီးကလေးငေးကာနေ ။
နေညိုရီဝေမှောင်မိုက်သော အတိတ်မှာကိုယ်နေထိုင်ခဲ့ပြီး
ချစ်သောရေ မင်းအနာဂတ် ..
လေနုအေးကလေးအေးပါစေ ။

_

ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်သိမ်းခန်းက အမြဲတမ်း ပေါင်းဖက်ကြရရိုးရှိလို့လား ။
ရှင်ကွဲပဲဖြစ်ဖြစ် ၊ သေကွဲပဲဖြစ်ဖြစ်
မပေါင်းဖက်ရတဲ့ ဇာတ်လမ်းတွေလည်း သိပ်ကိုများများပြားပြား ။
နောက်ဆုံးခန်းဟာ ဇာတ်သိမ်းခန်းဖြစ်မလား ၊ ဇာတ်ပေါင်းခန်းဖြစ်မလား ။

တကယ်တော့ အဲ့တာတွေထက် ပိုပြီး အရေးကြီးတာက ဇာတ်ဆောင်တွေဟာ အတူရှိချိန် ပျော်ခဲ့ကြသလား ၊
ကွဲကွာသွားတဲ့အချိန် နောင်တရကြလား အဲ့ဒီနှစ်ခုပါပဲ ။

_

၂၀၀၁ ခုနှစ် ၊ ဇန်နဝါရီလဆန်းပိုင်း ။

ဂျဲနိုက ကိုယ့်ဘာသာ မေးမိတယ် ..
သူနဲ့ ဂျယ်မင်းနဲ့ ဇာတ်လမ်းကရော ဘယ်လိုမျိုး သိမ်းသွားတာများလဲ ၊ ဘယ်လိုမျိုးသိမ်းသွားမှာများလဲ ။

တစ်ခါတစ်လေတော့လည်း ပြီးဆုံးသွားပြီပဲလို့ တွေးမိပါတယ် ။
ဂျယ်မင်းက သူ့ကို ၁၉၉၅ခုနှစ် ဇူလိုင်လကုန်ကတည်းက ဒီနေရာမှာချန်ထားရစ်ခဲ့ပြီး ဂျဲနိုက ၂၀၀၁ခုနှစ် ဇန်နဝါရီအထိတိုင်အောင် ဒီနေရာမှာကျန်ရစ်ခဲ့ရသူမို့လို့ပါပဲ ။

လူတွေက ပြောလေ့ရှိတယ် ။
ချန်ရစ်ခဲ့တဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူမှာ ဘယ်သူကပိုပြီး ခံစားရသလဲဆို ချန်ရစ်ခဲ့ရတဲ့သူပဲတဲ့ ။ ချစ်တဲ့သူကို ချန်ထားခဲ့ရတာက ဘယ်လောက်တောင်မှ ရင်နာရမလဲလို့ ပြောဆိုကြတာပဲ ။
ဂျဲနိုကတော့ မယုံကြည်ချင်ပါဘူး ။ သူ့ဂျယ်မင်းကလေးဟာ သူ့ရင်ခွင်ကို ခြေစုံကန်ပြီး ထွက်သွားခဲ့တဲ့နေ့မှာတောင် သိပ်ကို တောက်ပအောင် ပြုံး‌နေနိုင်ခဲ့တာ သူပဲသိခဲ့ပါတယ် ။

၂၀၀၀ခုနှစ် ဒီဇင်ဘာလ ၃၁ရက်အထိ အသံလေးတစ်ချက် မကြား ၊ စာလေးတစ်စောင်တောင် မရရှိတာ သေချာသွားတဲ့နောက် ဂျဲနိုက အတွေးတွေနဲ့ မျောပါသွားတိုင်း သူ့ကိုယ်သူ ဂျယ်မင်းကို မေ့ပစ်သင့်ပြီလို့ သတိပေးလေ့ ရှိလာတယ် ။
ဒါပေမဲ့ ခက်ပါရဲ့ .. အတွေးတွေထဲ မျောသွားတဲ့အခါ အဲ့ဒီလို ကိုယ့်ဘာသာပြောမိမှ ထပ်ပြီး ဂျယ်မင်းကိုတွေးဖြစ်သွားရတယ် ။

ချစ်သော || NoMinWhere stories live. Discover now