အခန်း တစ်

1.3K 99 26
                                    

- သန်းခေါင်ယံကြယ်များလည်း မလင်းပါ ..
ကမ္ဘာအိုဟာ တိတ်ဆိတ်လို့နေပြီ ။
အဝါရောင်သီချင်းလေးတစ်ပုဒ်ကို
နာနာကျင်ကျင် ဖွဖွလေးဆိုညည်း .. ။ -

___

၂၀၀၀ခုနှစ် ။

နေ့ရက်တွေဟာ ပုံမှန်အတိုင်း လည်ပတ်နေတယ် ။
တစ်စုံတစ်ယောက် ရှိတာလည်း မသိသာ ၊
တစ်စုံတစ်ယောက်မရှိတာလည်း မသိသာ ..။

မနက်ရှစ်နာရီမှာ နှိုးစက်နာရီမလိုလည်း သူက အိပ်ရာထနိုင်နေပြီး မနက်ရှစ်နာရီဆယ့်ငါးမှာ အရင်ကလို ခန္ဓာကိုယ်ပေါ် ဖက်တွယ်လို့ အိပ်ရာထအောင် နှိုးပေးမဲ့သူမရှိတာတောင် အဲ့ဒီအချိန်ဆို သူက မနက်စာ စားဖို့တောင် ပြင်ပြီးသားဖြစ်နေခဲ့ပြီ ။

မနက်ကိုးနာရီမှာ အိမ်ထဲကထွက်လာရင် ဘေးနားကနေ တွတ်ထိုးသလို စကားပြောနိုင်လွန်းတဲ့ လူတစ်ယောက် မရှိလည်း ၊ တစ်ခွန်းမှပြန်မပြောဘဲ အဲ့ဒီစကားပြောနေတဲ့လူကိုပဲ ငေးကြည့်နေတတ်ခဲ့တာတွေကလည်း ဒီအချိန်မှာ မလိုအပ်တော့ ။

ဘယ်သူမှပါ၀င်မလာတဲ့ လျှောက်လမ်းတွေမှာ ပတ်၀န်းကျင်ကို တွေးရင်း ငေးရင်း အလုပ်လုပ်ဖို့အတွက် အညိုရောင် ကော်ဖီဆိုင်လေးထဲ ရောက်တဲ့အထိ အကုန်လုံးဟာ တစ်ယောက်တည်း ။
သူက ကော်ဖီဆိုင်ထဲရောက်ပြီဆိုရင် လက်ကလေးဝှေ့ရမ်းပြီး နှုတ်ဆက်ထွက်ခွာသွားတတ်တဲ့ လူတစ်ယောက်လည်း အခုတော့ မရှိ ။

ကိုးနာရီခွဲမှာ ဆိုင်ဖွင့်ပြီး တစ်နေကုန် မတူညီတဲ့ ကော်ဖီ‌ဖျော်နည်းတွေကို ကြိုးစားလုပ် ၊ မတူညီတဲ့လူတွေနဲ့ ဆက်ဆံပြီး ညခုနစ်နာရီမှာ အညိုရောင်ဆိုင်လေးကို ပိတ်ပြီးတဲ့အခါ ပုံမှန်အတိုင်း အိမ်ပြန် ။
ဟိုးအရင်တုန်းကတော့ တစ်ပတ်ကိုနှစ်ခါလောက် ဆိုင်ရှေ့ခပ်လှမ်းလှမ်းက အဝါရောင်မှိန်မှိန် မီးတိုင်အောက်မှာ မတ်တပ်ရပ်နေတတ်တဲ့ ပုံရိပ်တစ်ခုကလည်း လစ်လပ်သွားခဲ့တာတော့ အတော်ကြာပြီ ။

တကယ်တော့လည်း တစ်ပတ်ကိုမှနှစ်ခါ‌တောင်မရှိခဲ့တာမို့ ဝါကျင့်ကျင့်လမ်းမီးမှိန်မှိန်အောက်မှာ အဲ့ဒီဖြစ်တည်မှု ရှိနေခဲ့တဲ့ ဟိုးအရင်အချိန်တွေကတည်းက ရှိနေပါရဲ့လားလို့ မျှော်လင့်တာမျိုး ဖြစ်ခဲ့မိဖူးပါ့သလားတောင် မသေချာ ။

ချစ်သော || NoMinWhere stories live. Discover now