ဝေးခဲ့သည့်အကြောင်း

40 3 2
                                    

07.05.2022

ဖျက်လိုက်ကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်း
နားလည်မှုက မင်းနဲ့ငါနဲ့ကြားမှာ ပင်တိုင် သန္ဓေတည်ခဲ့ပေမဲ့ အသိုင်းအဝိုင်းတွေကတော့ ဂုဏ်သိက္ခာကို ဘုရားမှတ်ကြတယ်ထင်ပါရဲ့
ကံကံ၏အကျိုးကို ယုံတဲ့ဘာသာကို ယုံကြည်မိတော့ ဒါကရှေးဘဝကုသိုလ်ကံပေါ့
ဒီလိုပဲ တွေးရင်းစိတ်ဖြေကြည့်မယ် လုပ်တုန်း ဆန္ဒက ထိန်းရခက်တယ် မဟုတ်ပေဘူးလား
မင်းက ငါနာကျင်မှာစိုးသလို ငါကလဲမင်းထိခိုက်မှာစိုး ရှေ့မတိုးဖို့ တွေးကြရင်းက ပတ်သက်မှုက ဒီရေလို သံယောဇဥ်က
ပေပင်မကတိုးလာကြတာပဲလေ
အသက်အရွယ်အပိုင်းအခြားအရ ဆင်ခြင်တတ်တဲ့ငါက မင်းရဲ့လွမ်းတယ်ဆိုတဲ့စကားအဆုံး မီးပင်လယ်ဖြတ်ရဖြတ်ရဆိုပြီးတစ်ဆင့်ပြီးတစ်ဆင့် ရှေ့တိုးတက်လာရာအဆုံးရောက်တော့ ဘယ်လွှတ်ရိုးရှိပါ့မလဲ နှီးနှောမိကြလေရဲ့
မိုက်မိုက်ကမ်းကမ်းလူကြီးနဲ့အပြိုင် ရှေ့တိုးမိတဲ့မင်းမှာလဲ မျက်ရည်တွေနဲ့ လူငယ်နဲ့အပြိုင်တွယ်မိခဲ့တဲ့ ငါ့နာမည်နောက်မှာလဲ ပုဒ်မတွေနဲ့ ဇာတ်သိမ်းခဲ့ပါရောလား
အသိုင်းဝိုင်းကလေ အထူးသဖြင့် ဂုဏ်ရှိန်မြင့်တဲ့ မင်းအသိုင်းအဝိုင်းက သူတို့ဂုဏ်သတင်းလောက် မင်းမျက်ရည်ကို အလေးမထားကြတော့ ငါ့လက်ကောက်ဝတ်မှာလဲ စတီးရောင်တပြောင်ပြောင်ဖြစ်ခဲ့ပြီပေါ့
ကံပါ ကံပါလို့ပြောရင်း ငါနောက်ကပုဒ်မတွေပျောက်ဖို့ မင်းဘက်က လက်ပြနေတော့ ငါလဲရင်ကွဲတစ်သက်ဝေးမဲ့လမ်းကိုရွေးရလေပြီ
မင်းအတွက်ငိုမယ် မင်းကိုလွမ်းကြောင်းအော်ဟစ်ပြောရင်း ဖွဖွနမ်းခဲ့ဖူးတဲ့ခြေဖမိုးဖြူဖြူလေးကစ နှုတ်ခမ်းဖူးဖူးနုနုလေးအဆုံး မင်းရဲ့အထိအတွေ့အငွေ့အသက် ကိုဒီညနောက်ဆုံး လွမ်းပါ့မယ်
နောက်နေ့များကျ လွမ်းရင်တောင် သိမ်းထားသင့်ပြီမဟုတ်လား သိုသိုသိပ်သိပ်ခံစားရင်းအချစ်ဆုံးက တစ်သက်လုံးမင်းပဲ ဆိုတာတော့ယုံ
ငါက မိရိုးဖလာကိုးကွယ်မှုဖြစ်ရင်တောင် ဝဋ် ဆိုတာကို သိပ်ကြောက်သွားလေရဲ့
နောက်ဘဝဆိုတာများရခဲ့သည်ရှိသော်အစွန်းအထင်းမခံလို မင်းလဲအေးချမ်း ငါလဲငြိမ်းချမ်းဖို့ ဒီဘဝနဲ့ဝဋ်ကြွေးအကြေဆပ်မှာမို့ နောင်ဘဝအတွက် အကုသိုလ်ထပ်မစုပါရစေနဲ့တော့ မင်းကြောင့်ငါပျော်သလို ငါ့ကြောင့်မင်းရယ်ရမဲ့အဖြစ်မျိုးနဲ့ဆုံချင်ပါရဲ့ မင်းလက်ဖဝါးနုနုကို ဖွဖွလေးကိုင်ရင်း ထွက်သက်ငင်ရတဲ့အဖြစ်မျိုး ငါ့ဆီမှာကြုံပါစေကွယ်
ခေါ်ခဲ့ဖူးတဲ့နာမ်စားကို တဖွဖွခေါ်မယ် ခနခနငါ့ကြောင့်ငိုရတဲ့အမေ မကြားအောင် တိုးတိုးလေးငိုမယ် ကမ္ဘာကြီးရဲ့တစ်နေရာမှာ ငါသိပ်ချစ်တဲ့အမျိုးသမီး ငါ့ကိုသိပ်ချစ်တဲ့အမျိုးကောင်းသမီးလေး ငိုနေမယ်ဆိုတာ သိရင်းနဲ့ပေါ့
နောက်ဘဝမှ ဆုံရအောင်နော်

Daisy

You've reached the end of published parts.

⏰ Last updated: May 08, 2022 ⏰

Add this story to your Library to get notified about new parts!

FELLINGWhere stories live. Discover now