Chapter ( 18 )

1.1K 102 11
                                    

Unicode

ကမ္ဘာပေါ်မှာ အနူးညံ့ဆုံး အရာ

လရောင်အပင်ပေါ်ကို တက်ပြီး သစ်ကိုင်းကို ခုတ်နေချိန်မှာ အောက်ကနေ ခွန်ရှင်းနောင်ရဲ့ စိုးရိမ်လွန်စွာ ပြောနေတဲ့ စကားတွေကို ဆက်တိုက်ကြားနေခဲ့ရသည်။ ဒါမဲ့ သူကတော့ အဲ့ဒီအတွက် နည်းနည်းမှ စိတ်မရှုပ်ဘဲ စိတ်မှာကြည်လင်နေသေးသည်။

ငဟိန်းကိုလည်း ''အစ်ကိုက အခု မင်းကိုရှိတယ်လို့တောင် မထင်တော့ဘူး''လို့ ပြောချင်စိတ်ကို အရမ်းတွေ ထိန်းထားရသည်။ ဒါမဲ့ သူ့အကြည့်တွေ​တော့ မထိန်းနိုင်တာကြောင့် ငဟိန်းကို အနည်းငယ် ပြုံးနေတဲ့မျက်နှာနှင့် ဝံ့ကြွားစွာ ကြည့်နေမိသည်။ ငဟိန်းလေးမှာတော့ နားမလည်နိုင်စွာနဲ့ လရောင်ကို ပြန်ပြုံးပြလိုက်မိရာ ချက်ချင်းလက်ငင်း လရောင့်အပြုံးတွေက ပျောက်ကွယ်သွားသည်။

'ဒီကောင် ဘာဖြစ်နေတာလဲဟ'

ငဟိန်းလည်း ထို့သို့တွေးလိုက်မိပေမယ့် အဖက်လုပ်မနေတော့ဘဲ ခုတ်ချထားသော ကိုင်းကိုသာ တစ်နေရာကိုဆွဲသွားလိုက်သည်။ အဲ့ဒီနောက်တော့ ပိုလွန်းနေတဲ့အတွဲဆီကို မသွားတော့ဘဲ တံမြတ်စည်းလှည်းတဲ့ သူ့နေရာလေးကိုသာ သွားတော့သည်။

လရောင်ဆင်းလာတာနဲ့ ရှင်းနောင်က သူ့ဆီကို ပြေးလာပြီး သူ့လက်တွေကို အတင်းဆွဲယူကာ ဖြန့်စေရင်း ကြည့်နေသည်။

"လက်တွေနာနေလား။ သစ်ကိုင်းလည်း ဆွဲတက်ရ၊ ဓားလည်းကိုင်ရဆိုတော့ နာနေမှာပဲ။ မင်းတံမြတ်စည်းလည်း လှည်းမနေနဲ့တော့။ ဒီအတိုင်းထိုင်နေ"

"......"

သူ့ကို ဘာမှမတုန့်ပြန်ဘဲ ပြုံးကြည့်နေသူကြောင့် ရှင်းနောင်လည်း နားမလည်နိုင်ဖြစ်သွားရသည်။

"အစ်ကိုရော... တခြားသူတွေကိုလည်း ဒီအတိုင်းပဲ စိုးရိမ်ပေးတာလား"

သူ့ပါးစပ်က ထွက်သွားသော မေးခွန်းကြောင့် လရောင်ပြောပြီး ချက်ချင်း နောင်တရသွားသည်။ သူ့မေးခွန်းက အရမ်းကလေးကလားဆန်နေသလို ရှင်းနောင့်အပေါ် သဝန်တိုနေကြောင်းလည်း သိသာသွားသည်။

I Found Love In a Village [Completed]Where stories live. Discover now