Chapter (120) -အဓိပ္ပါယ်မဲ့သော ဘွဲ့ထူးများ
ဝူကျန့်က ကျွီးရိ နဲ့ ရူရိကို ထားကာ အခြားကို ထွက်သွားခဲ့တာ တစ်ကြိမ်မှပင် မရှိခဲ့ပေ။ ရူရိက အိပ်ခန်းထဲက ခုတင်ပေါ်မှပဲ နေခိုင်းပြီးအပြင်ကို ခြေတလှမ်းပင် မလှမ်းခိုင်းသည့်အတွက် ရူရိမှာ ကြာတော့ ခြေထောက်တွေ အားနည်းလာလို့ လမ်းလျှောက်ရပင် ခက်လာသည်။
မင်းသားဝူကျန့်က သူမကို အိပ်ခန်းထဲမှာပဲ ထားကာ မျက်ခြေမပြတ် စောင့်ကြည့်ကာ ကာကွယ်ပေးနေသည်။ ရူရိအတွက် ကျွီးရိနှင့် ဝူကျန့်တို့ ရှိပါက ဘယ်လိုပဲ အိပ်ခန်းထဲ ပိတ်ထားခံရပါစေ စိတ်မဝင်စားပေ။
လှပတဲ့ သစ်သားပုခက်လေးထဲတွင် သိပ်ထားသည့် သားကလေး ကျွီးရိ က သူမကို စောင့်ကြည့်ရင်း အိပ်ပျော်သွားခဲ့သည်။ အေးချမ်းစွာ အိပ်မောကျနေသောကလေးလေးရဲ့ နူးညံ့သော လက်ကလေးကို ရူရိ ဆုပ်ကိုင်ထားသည်။
"ရူရိ"
ဧကရာဇ်၏ အပါးတော်မြဲအမတ်သည် အမိန့်တော်ပြန်တမ်း ပေးအပ်ရန် ရောက်လာကြောင်း ကျွိမောဝ် သတင်းပို့သောအခါ မင်းသားဝူကျန်က ခုလေးတင် အိပ်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။ သူ့မျက်နှာပြင်တွင် အေးစက်တဲ့အမူအရာနဲ့ ထွက်သွားတာကို ကြည့်နေခဲ့ပြီး ပိုမို အေးစက်တဲ့ အမူအရာနဲ့ ပြန်လာတာကို ရူရိတွေ့လိုက်ရသည်။
ရက်အတော်ကြာပြီးသည်အထိ မင်းသားဝူကျန့်သည် နန်းတွင်းသို့ မသွားဘဲ ညီလာခံကို မတက်ပဲ စံအိမ်ထဲတွင်သာ နေခဲ့သည်။ တော်ဝင်မိသားစုက လက်ဆောင်တွေ အများကြီး ပေးလိုက်တယ်လို့ ကျွိမောဝ် ဆီက ကြားခဲ့ရပေမယ့် ပေးလာသည့် လက်ဆောင်တိုင်းကို မင်းသား၏ အမိန့်ဖြင့် အကုန် ပြန်ပေးခဲ့သည်။
မင်းသားက ဒေါသအရမ်းကြီးသည်။ ဘာတွေဖြစ်ခဲ့သည်ကို ရူရိ အတိအကျမသိပေမယ့် ဧကရီနန်းတော်မှာ သူမ အဆိပ်ခတ်ခံရတာကိုတော့ နားလည်သည်။ ထိုအကြောင်းကြောင့် မင်းသား၏ ဒေါသက ခုလို ပြင်းထန်နေတာ ဖြစ်ရမည်။
"ရူရိ မင်း ...ဘာလို့မစားတာလဲ"
မင်းသားက သူမ အိပ်ယာပေါ်က စားပွဲပုလေးပေါ်တွင် ခင်းကျင်းထားသည့် စားစရာပန်းကန်တွေ ကို ကြည့်ပြီး မေးလိုက်သည်။
ရူရိက သစ်သားပုခက်လေးထဲတွင် အိပ်ပျော်နေသောသားတော်လေးကို လှမ်းကြည့်ဖို့ ကြိုးစားခဲ့ရပေမယ့် မင်းသားဝူကျန့်ရဲ့ ခိုင်မာတဲ့အမူအရာကြောင့် ရူရိက စားစရာအပြည့်နှင့် စားပွဲကို ကြည့်လိုက်ရတော့သည်။
"ကလေးက အခု နေကောင်းတယ်။ လာ...စားစရာတွေကို အခုစား...."
အစားအသောက်တွေကို ကုန်အောင် စားဖို့က ခက်ခဲလှသည်။
"မကြောက်နဲ့" မင်းသားက ရူရိခေါင်းကို သူ့ရင်ဘတ်တွင် မှီစေပြီး ပြောလိုက်သည်။
"အခုချိန်ကစပြီး ငါတို့လူတွေကလွဲလို့ ဘယ်သူမှ မင်းရဲ့အစားအစာကို ပြင်ဆင်ခွင့်ရမှာ မဟုတ်ဘူး"
မင်းသားက သူမရဲ့ပန်းကန်လုံးထဲမှာ ကြာစွယ်နှင့် ငါးတွေကို ထည့်ပေးရင်း တီးတိုးပြောလိုက်သည်။
"ဆက်စားပါ..."
တိတ်တိတ်ဆိတ်ဆိတ်နဲ့ တတ်နိုင်သမျှ ရူရိ စားခဲ့သည်။ ထမင်းပန်းကန်သေးသေးလေးတစ်လုံး ကုန်အောင် ထပ်စားပြီးနောက် မင်းသားက ရူရိကို အိပ်ယာပေါ် ပြန်တင်လိုက်တယ်။ ကလေးကို အနားတွင် ထားချင်ပေမယ့် ရူရိလက်တွေက ကျွီးရိရဲ့သစ်သားပုခက်လေးဆီကို မရောက်ခင် မင်းသားက သူမကို အိပ်ယာထက်တွင် လှဲချလိုက်သည်။
မင်းသားဝူကျန့်က သူမက သူမ ရင်သွေးလေးနှင့် နီးနီးကပ်ကပ် နေချင်နေတာ နားလည် သဖြင့် အိပ်ပျော်နေတဲ့ ကျွီးရိကို ပွေ့ချီလာပြီး ရူရိရဲ့ ဘေးမှာ ထားပေးခဲ့သည်။
"ကျန့် "
ရူရိ သူ့ကိုခေါ်လိုက်ချိန်မှာ သူက ရူရိရဲ့ ခါးကို ဆုပ်ကိုင်ပြီး နွေးထွေးတဲ့ ခန္ဓာကိုယ်ကို ရူရိနောက်ကျောအား ဖိပ်အပ်လိုက်သည်။
"ကျန့် ..."
ကျွီးရိ ရဲ့ပါးပြင်ကို ရူရိ နူတ်ခမ်းဖြင့် ထိရင်း တိုးတိုးလေးပြောလိုက်တယ်။
"ကျန့် ညီလာခံ မတက်တာအဆင်ပြေရဲ့လား"
ဧကရာဇ်၏ အပါးတော်မြဲ အမတ်တစ်ဦးက ဘွဲ့တစ်ခုချီးမြှင့်ကြောင့် သဝဏ်လွှာကို ပေးအပ်ရုံ သက်သက်ဖြင့် လာမည် မဟုတ်ပေ။ ဧကရာဇ်က မင်းသားဝူကျန့်ကို နန်းတွင်းသို့ပြန် ဝင်စေချင်တာက အဓိက ဟု ရူရိ ထင်သည်။
"ကိုယ်..... မင်းကို ထားမသွားနိုင်ဘူး"
သူ့နှုတ်ခမ်းတွေက ရူရိရဲ့ လည်ပင်းနဲ့ ဆံပင်တွေကို ညင်သာစွာ နမ်းရှိုက်နေသည်ဟု သူမ ခံစားလိုက်ရသည်။
"မင်းနေကောင်းပြီးရင် ကိုယ်တို့က ဝူရှီးပြည်ကနေ ထွက်သွားကြမယ် "
မထင်မှတ်ပဲ ပြောလိုက်သည့် ဝူကျန့်၏စကားကြောင့် ရူရိ လန့်သွားပြီး သူ့ကိုကြည့်ချင်လာသည်။ မင်းသားက ရူရိရဲ့ လှုပ်ရှားမှုကို ခံစားပြီး သူမရဲ့ကိုယ်လေးကို အသာလေး လှည့်ပေးလိုက်သည်။
"ကိုယ်တို့သားကို ပြုစုပျိုးထောင်ဖို့ နေရာရှာရမယ်"
မင်းသားက သူ့ရဲ့မီးခိုးရင့်ရောင် မျက်ဝန်းတွေနဲ့ ရူရိကို စိုက်ကြည့်ရင်း ရူရိပါးကို ညင်သာစွာ ထိလိုက်သည်။
"ကိုယ်တို့ မိသားစုလေးအတွက် ဆိတ်ငြိမ်သောနေရာတစ်ခုမှာ အခြေချကြမယ်..."
"ကျန့် ရဲ့ မိသားစုက ဒီမှာလေ......"
"မင်းဟာ ကိုယ်လိုအပ်တဲ့ တစ်ဦးတည်းသော မိသားစုပဲ"
"ကျန့် ..."
သူမကြောင့် မင်းသားဝူကျန့်ကို သူ့ ဇာတိနေအိမ်က မထွက်သွားစေချင်ပေ။ ဝူရှီးပြည်သည် သူ မွေးဖွားကြီးပြင်းရာနေရာဖြစ်သည်။ ဒီအဖေက သူ့နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့ကာ အသက်ပေးသွားခဲ့သည်။ ဝူကျန့်ရဲ့မူလဇစ်မြစ်က ဒီနေရာဖြစ်သည်။ ပြီးတော့ သူ့ ရင်သွေး....ကျွီးရိ က ဒီမှာ ရှိတယ်လေ။
"ဧကရာဇ်အမိန့်တော်က ဘာတဲ့လဲ"
မင်းသား၏ စိတ်နေစိတ်ထားသည် ထိုအမိန့်တော်ကြောင့် ခုလို ဖြစ်ပေါ်လာရတာ ဖြစ်လိမ့်မည်။
"အဓိပ္ပါယ်မဲ့တဲ့ ဘွဲ့ကို ပေအပ်တာပါ "
သူ့စကားတွေကြောင့် ရူရိ ဇဝေဇဝါဖြစ်ကာ မင်းသား၏မျက်လုံးများကို မော့ကြည့်လိုက်သည်။
"ကိုယ်တို့ရဲ့ ကလေးကို နာမည်ပေးထားတယ်"
သူ့စကားကို ရူရိ ငြိမ်ငြိမ်လေး ဆက်ပြီးစောင့်နေခဲ့သည်။
"မင်းသား ဝူလုံရှင်း...ပထမအဆင့် မင်းသား"
သူက အေးစက်စွာပြောရင်း ရူရိရဲ့ ပါးပြင်လေးကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ ထပ်ပြောလိုက်သည်။
"ပြီးတော့ မင်းကိုလည်း တတိယအဆင့် မင်းသမီး ချွမ်ရိ ကနေ အခု ဝူရှီးုပြည်ရဲ့ ပထမအဆင့် မင်းသမီးဘွဲ့ ပေးအပ်ထားတယ်"
ဘွဲ့ထူးဂုဏ်ထူး အပ်နှင်းထားသော်လည်း မင်းသားဝူကျန့်၏ မျက်လုံးများတွင် ရွှင်လန်းမှု လုံးဝ မရှိပေ။ သူ့မျက်ဝန်းထဲကနေ နာကြည်းမှုတွေကိုပဲ ရူရိ မြင်လိုက်ရသည်။
***-***
YOU ARE READING
(Completed) ရူရိ/႐ူရိ (MM translation)
Historical Fictionဘာသာျပန္သူ - May King *မင်း တစ်ခါမှ မပိုင်ဆိုင်တဲ့အရာကို ဘယ်လို ဆုံးရှုံးနိုင်မှာလဲ။ *သူများ သနားတာကို လိုချင်တဲ့အတွက် မင်းရဲ့ အမေရင်းကိုယ်တိုင် အဆိပ်ခတ်တာကို ခံရရင် မင်း ဘယ်လို ခံစားရမလဲ။ *အငယ်ဆုံးသမီးတစ်ယောက်ဖြစ်ပေမယ့် ဘာကြောင့် အရင်ဆုံး အိမ်ထောင်...