"ထိုင်ဦးနော် King မင်းစားဖို့ တစ်ခုခုသွားယူဦးမယ်"

အနက်ရောင်ဆိုဖာဆက်တီတွေခင်းကျင်းထားတဲ့ ဧည့်ခန်းမကြီးကငြိမ်သက်နေသည်။ အလှဆင်ကြွေထည်ပန်းအိုးတွေက ပညာရှင်တွေရဲ့လက်ရာမှန်းသိသာစေ၏။ King ရဲ့စိတ်ဝင်စားမှုတွေကိုတော့ နံရံပေါ်က အသေးစိတ်စုတ်ချက်တွေနဲ့ပန်းချီက ဆွဲဆောင်နေသည်။ လူတစ်ရပ်စာလောက်ရှိတဲ့ ပန်းချီကားထဲက ထိုင်နေတဲ့အမျိုးသားမျက်နှာက မတည်မပြုံးနဲ့။ လက်သန်းကြွယ်မှာ ဝတ်ဆင်ထားတဲ့ ပတ္တမြားလက်စွပ်အရောင်က ပန်းချီထဲမှာတောင် နီစွေးနေသည်။ နောက်ခံကာလာကို အမှောင်သုံးထားပြီးတော့ အနောက်တိုင်းဝတ်စုံအနက်ရောင်လည်း ဝတ်ထားပြန်၏။ ကိုယ်ရောင်ကိုယ်ဝါတွေ ထွက်နေပုံမျိုး နဲ့ အလင်းတန်းတွေထည့်ထားပုံက သိပ်မအပ်စပ်ဘူးလို့ King ထင်မိသည်။

"ဘယ်သူလဲ"

ရုတ်တရတ်မို့ King လှည့်ကြည့်ပြီး ခြေတစ်လှမ်းဆုတ်မိသည်။ ဘောင်းဘီအိတ်တစ်ဖက်ထဲ လက်ထည့်ကာ တစ်လှမ်းချင်းတိုးလာနေတဲ့ လူက King ကိုစူးစိုက်ကြည့်နေ၏။ လက်တစ်ဖက်က ဖျတ်ခနဲမြင်လိုက်ရတဲ့ ပတ္တမြားလက်စွပ်။ ပန်းချီထဲက အဲ့ဒီလူ...

"ဒက်ဒီ"

King ကျောဘက်ဆီကထွက်လာသည့် အဏ္ဏဝါ့ခေါ်သံ။ လွန်ခဲ့တဲ့ဆယ်နှစ် ပါရီကဆေးရုံမှာ တွေ့ခဲ့ရသည့်ဒီလူ ဦးဇေယျ။ ပန်းချီကားထဲရှိပုံက ဆယ်နှစ်ကာလမတိုင်မီထက် စောလိမ့်ဦးမည်။ ဦးဇေယျက အဏ္ဏဝါ့ကို လှည့်ကြည့်ပြီး လက်ဆန့်တန်းပေးသည်။ အဏ္ဏဝါ့ပုံက အံ့ဩတကြီးမရှိ။ ကမ်းလင့်ကြိုနေတဲ့လက်တစ်စုံကို စက္ကန့်ဝက်လောက်ငေးစိုက်ကြည့်ပြီး အနားလျှောက်လာကာ King ပုခုံးကို ဆွဲဖက်သည်။ ဦးဇေယျကတော့ ဆန့်တန်းထားတဲ့ လက်တွေကိုရုတ်သိမ်းပြီး ဘောင်းဘီ အိတ်ထဲထည့်ကာ တစ်ချက်ရယ်၏။

"ဒက်ဒီက ဒက်ဒီ သားလေးကိုလွမ်းနေတာကို"

"ကျေးဇူး ဒက်ဒီ"

"ထိုင်ပါဦး သူငယ်ချင်းနဲ့လည်း မိတ်ဆက်ပေးလေ"

ဦးဇေယျက ဧည့်ခန်းမှာနေရာအရင်ဝင်ယူလိုက်ပြီး အဏ္ဏဝါက King လက်ကိုဆွဲထိုင်သည်။

KING        Where stories live. Discover now