“အနံ့နဲ့တင် သွားရည်ကျနေပြီ ငါတော့”

Kaito ကိုကြည့်ပြီး King ပြုံးလိုက်သည်။

“ငါ ဗိုက်မဆာသေးဘူး။ ခဏလောက်အိပ်ချင်တယ်။ Kaito နဲ့ မင်းနဲ့ပဲ အရင်စားနှင့်လိုက်။ ရတယ်မလား”

“အင်း...အိပ်ခန်းလည်း ငါ ပြင်ခိုင်းပြီးသား။ ဒီဘက်ကိုလာ”

အဏ္ဏဝါက အိမ်အတွင်းခန်းထဲ ဦးဆောင်ဝင်သွားသည်။ Kaito ကို ခွင့်တောင်းလိုက်ပြီးမှ အဏ္ဏဝါဝင်သွားသည့် အခန်းထဲဝင်ခဲ့လိုက်၏။ အိပ်ခန်းအတွင်းဘက်ကိုတော့ အုတ်နဲ့ဆောက်ထားပြီး အခန်းထဲ air-con လည်း ရှိသည်။ air-con temperature ကို အဏ္ဏဝါအတိုးအလျှော့လုပ်နေတုန်း King ခုတင်ပေါ်လှဲပစ်လိုက်သည်။ အဏ္ဏဝါက ချက်ချင်းအနားရောက်လာပြီး ခုတင်အရင်းကစောင်ကိုခါလို့ King အပေါ်လွှမ်းခြုံပေးသည်။

“အိမ်မက်ဆိုးတွေမမက်ပဲအိပ်ပျော်ပါစေ”

ဒီဆယ်နှစ်အတွင်း ဖန်တစ်ရာတေအောင်ကြားဖူးနေတဲ့ စကားတစ်ခွန်းကို အဏ္ဏဝါက ဆိုလာသည်။ ခြေလှမ်းကျဲကျဲ နဲ့ အဏ္ဏဝါအခန်းထဲက ထွက်သွားမှ King အသိစိတ်တွေကိုလွှတ်ချပစ်လိုက်ရသည်။

*****

မျက်လုံးဖွင့်ဖွင့်ချင်း တစ်ဖက်ခုတင်မှာ ဂိမ်းဆော့နေသည့် အဏ္ဏဝါ့ကိုတွေ့ရသည်။ ရင်ဘတ်ပေါ်ကစောင်ကိုခွာချပြီး ခပ်လျှောလျှောမှီထိုင်လိုက်တော့ အဏ္ဏဝါက King အိပ်နေတဲ့ခုတင်ဘက်ကူးလာ၏။

“King မင်းအရင်ကထက် အိပ်နိုင်လာတာပဲ။ အိပ်ဆေးသောက်တာလည်းမတွေ့တော့ဘူး”

King ရေးရေးပြုံးတာကိုကြည့်ပြီး အဏ္ဏဝါက လိုက်ပြုံးသည်။ နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကိုသပ်တင်ဖို့ လက်လှမ်းလာတော့ King မျက်နှာလွှဲဖြစ်၏။

“ဘယ်နှနာရီရှိပြီလဲ”

“ည ၈နာရီကျော်ပြီ”

“ငါ အရမ်းအိပ်ပျော်သွားတာပဲ။ Kaito ရော”

“ခြံထဲမှာ မီးမွှေးပြီး ပြောင်းဖူးမီးဖုတ်စားနေတယ်။ မင်းရော ထမင်းစားတော့မလား ငါပြင်ခိုင်းလိုက်မယ်”

“အင်း ရေအရင်ချိုးချင်တယ်”

“ငါ ရေနွေးအိုးတည်ခိုင်းထားတယ် လာ။ ဆောင်းဦးပေါက်လာတော့ ညဘက်ကိုအေးတယ်”

KINGWhere stories live. Discover now