“ဘာလဲ အစာမကြေဘူးလား။ ဘာစားလာလို့လဲ။ အခုတလော အရက်ရောပြန်သောက်နေတာလား။ မင်း ငါမရှိရင်မရှိသလိုပဲ”

ဘေစင်ကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး အန်နေတဲ့ King ကျောပြင်ကို အဏ္ဏဝါကဖိပွတ်ပြီး သက်သာအောင်ကူညီပေးသည်။ ဒီနှစ်တွေထဲ အရက်သောက်မိလို့ဖြစ်စေ၊ ခံစားချက်တွေကိုထိန်းချုပ်လိုက်လို့ဖြစ်စေ King အစာအိမ်က ဒီလိုတုန့်ပြန်နေတတ်တာအကျင့်တစ်ခုလို။

“မင်းကို ငါ ဘယ်လိုစိတ်ချပြီး လွှတ်ထားရမလဲ King”

King ဘေစင်ခေါင်းကိုဖွင့်ချလိုက်ပြီး ရေနဲ့ပလုတ်ကျင်းပစ်လိုက်သည်။ မျက်နှာကိုပါ ရေနဲ့ဆေးချလိုက်ပြီး ပြန်အမော့မှာ ပုဝါဖြူဖြူကမ်းထားတဲ့လက်ကအသင့်ရှိနေ၏။

“ကျေးဇူး”

မမှိတ်မသုန်စိုက်ကြည့်နေတဲ့မျက်ဝန်းနဲ့ စက္ကန့်ပိုင်းလောက်ဆုံစည်းပြီးမှ King မျက်နှာလွှဲမိသည်။

“ဆေးရုံသွားမယ် လာ”

“မသွားဘူး။ ဘာမှဖြစ်တာလည်းမဟုတ်ဘူး။ မနက်ကျသက်သာသွားလိမ့်မယ်”

အဏ္ဏဝါ့စကားကို King ချက်ချင်းငြင်းမိသည်။ အဏ္ဏဝါက King လက်ကောက်ဝတ်တစ်ဖက်ကို ဆွဲခေါ်ယူတုန်း King ရဲ့နောက်လက်တစ်ဖက်ကလည်း ဆွဲယူဟန့်တားခံရ၏။

“သက်သာအောင်လုပ်ပေးမယ်။ လက်ဆေးလိုက်”

King အဏ္ဏဝါ့လက်ကိုဖြုတ်ချပြီး လက်ဆေးနေတုန်း ပီအိုက်ကအိပ်ခန်းထဲဝင်သွားသည်။ အဏ္ဏဝါ့မျက်ဝန်းတွေ ပီအိုက်ဆီကပ်ပါသွားတာကို King သတိထားမိသည်။

“သူက ဘာလဲ”

“မနက်က ငါမိတ်ဆက်ပေးတုန်းက မင်းမကြားဘူးလား”

“ကြားတယ်လေ။ သူက ဒီမှာပဲနေတာလား”

“မိုးချုပ်နေပြီ။ မင်းအိမ်မင်း မပြန်ဘူးလား အဏ္ဏဝါ”

အဏ္ဏဝါနဲ့မျက်နှာချင်းဆိုင်လိုက်တုန်းမှာပဲ ပီအိုက်ပြန်ဝင်လာသည်။ ဘေစင်ကိုမှီရပ်နေတဲ့ King ကိုဆွဲလှည့်ပြီး လက်ဖဝါးကိုဆွဲယူ၏။ ခြေချောင်းထိပ်တွေ ထိစပ်နေတဲ့အထိ ပီအိုက်နဲ့ King နီးကပ်နေခဲ့သည်။ King မျက်နှာကိုတစ်ဖက် လှည့်ထားတုန်း ပီအိုက်လက်ထဲက King ရဲ့ဘယ်ဘက်လက်မက ဆစ်ခနဲ။

KINGWhere stories live. Discover now