ဟန်နီ့အတိတ်ကို မေ့လျော့နေစဉ်မှာလည်း ကျွန်တော် နာကျင်ရသည်။အခု အတိတ်ကို သတိရလုလု ဖြစ်လာသည့် အချိန်မှာလည်း ထပ်ပြီး နာကျင်ရပြန်သည်။

“ဒါလင် ငိုနေတာလား ”

ကျွန်တော့်လက်မောင်းနှစ်ဖက်မှနေ ဆုပ်ကိုင်ပြီး တွန်းကန်လာတဲ့ဟန်နီ့လက်သေးသေးလေးတွေ။ကျွန်တော့်မျက်နှာကို ကြည့်ဖို့ပြင်နေတဲ့ဟန်နီကို
ပိုတိုး၍ ဖက်ထားလိုက်သည်။

“ဟင့်အင်း...ဒီအတိုင်းလေး..ခဏနေချင်လို့ ”

“ဘာလဲ...ကျွန်တော့်ခန္ဒာကိုယ်က မွှေးနေပြန်ပြီလား”

ဟန်နီကို အသည်းယားလွန်းလို့ ဖက်ချင်တဲ့အခါ၊အသားယူချင်တဲ့အခါ ကျွန်တော် သုံးနှုန်းလေ့ရှိသည့်စကားကို ဟန်နီက အလွတ်နေရပြီ။

“အွန်း”

ကျွန်တော် ပြုံး၍  ခေါင်းငြိမ့်ပြလိုက်သည်။ဟန်နီက မမြင်ပေမဲ့ သူ့ပုခုံးပေါ်က ခေါင်းငြိမ့်ပြတဲ့အထိအတွေ့ ခံစားမိတယ်ထင်ပါရဲ့။ရယ်သံလွင်လွင်လေးတွေက ထွက်ပေါ်လာသည်။ကျွန်တော်လည်း မျက်ရည်တွေနဲ့ ပြုံးနေလိုက်မိသည်။ဟန်နီက ကိုယ့်ဘေးနား အမြဲ ‌ရှိနေပေးရင် ကောင်းမှာပဲ။ဒါဆို ကိုယ့်ခံစားနေရတဲ့ဝေဒနာတွေလည်း ပျောက်ကင်းသွားနိုင်တယ်။

“အလုပ်သွားရအောင်။တော်ကြာ နောက်ကျနေလို့ ဌာနာမှူးဆီက အဆူခံနေရအုံးမယ် ”

“အွန်း”

ဖက်တွယ်ထားတာကို လွှတ်ပြီး ဟန်နီ့လက်သေးသေးလေးတွေ ဆုပ်ကိုင်လိုက်သည်။ကျွန်တော့်လက်တွေထဲ အံ့ဝင်ခွင်ကျဖြစ်နေတဲ့ဒီလက်ကလေးတွေ ဘယ်တော့မှ မလွှတ်ချချင်ဘူး။အဲ့လိုပဲ ဟန်နီဘက်က ရုန်းကန်းထွက်သွားမှာကိုလည်း မလိုလားဘူး။




🔸🔹🔸

ကျွန်တော် ဧည့်ခန်းက ဆိုဖာထက် ငူငိုင်စွာ ထိုင်နေဖြစ်သည်။ဟန်နီက အခုတလောထူးဆန်းနေသည်။ကျွန်တော်က သူ့အနားကပ်ရင် အကြောင်းပြချက် အမျိုးစုံနဲ့ လိမ္မာပါးနပ်စွာ ရှောင်ဖယ်သွားသည်။ကျွန်တော်ရဲ့အထိအတွေ့ကို ငြင်းဆန်နေတဲ့ဟန်နီပုံစံလေးက ရင်နာဖို့ကောင်းလွန်းလို့ အခုနောက်ပိုင်း ကျွန်တော်ဘက်ကပဲ အလိုတသိ ရှောင်ဖယ်ပေးမိသည်။အတတ်နိုင်ဆုံး စိတ်ကို ထိန်းချုပ်ကာ ဟန်နီကို မထိမတွေ့ဖို့ ကြိုးစားရတာ ကျွန်တော် အတွက် မလွယ်ကူပေ။ကျွန်တော့်စိတ်ကို ချုပ်တီးပြီး ဟန်နီနဲ့ ခပ်ဝေးဝေးမှာ နေရတာထက် ဟန်နီဘက်က ကျွန်တော့်အနမ်းတွေ ၊အထိအတွေ့ကို ငြင်းဆန်တာက  ကျွန်တော်က်ို ပိုစိတ်ဖီးစီးပြီး အတွေးများစေ၊ရင်နာစေသည်။

LOST MY MEMORIES Where stories live. Discover now