{ unicode }
"အိမ်ရှေ့စံ.. သွားဖို့ အချိန်ကျပါပြီ"
ကတော့ပုံစံချွန်တက်နေသည့် အမိုးဒေါင့်မှ တစ်စက်စက်ကျနေသည့် မိုးစက်မိုးပေါက်များနှင့်အတူ သူ၏ အမြင်အာရုံများမှာ ရီဝေလို့ ခပ်မှိုင်းမှိုင်း အငွေ့အသက်များ ရနေလေသည်။ ဖြတ်ကျော်လာသည့် တောလမ်းတစ်လျှောက်.. ချမ်းစိမ့်စိမ့် ရာသီဥတုနှင့် မှိုင်းညို့ညို့ ဒေသများအား အကြောင်းပြချက်မဲ့စွာဖြင့် လှမ်းငေးနေရာမှ ကိုယ်ရံတော်မင်ရန်၏ မိုးစဲကြောင်း အသိပေးစကားကြားမှသာ အတွေးများက လက်ရှိနေရာသို့ ပြန်လည်ရောက်ရှိလာသည်။
အင်း..
"ကောင်းပြီလေ သွားကြတာပေါ့"
လက်ဖျားမှ ရှည်နေသောအကျီစအား ခါထုတ်လို့ လက်ကို နောက်ပစ်ရင်း ခြေလှမ်းများကို ဆက်လျှောက်မိတော့ ဝေါယဥ်လက်ရန်းပေါ်မှ ထင်ကျန်ခဲ့သော ရေစက်ရေပေါက်များမှာ မြေပြင်ပေါ်သို့ တတောက်တောက်။
"အရှင့်သား.. အရှေ့ခပ်လှမ်းလှမ်းလောက်မှာ ရွာရှိသေးတာမို့ ညမိုးမချုပ်ခင် ရွာမှာနား.."
" မင်ရန်.."
" ဗျာ! "
ကိုယ်ရံတော်မင်ရန်မှာ ဘယ်သောအခါမှ သူ့အား အရွယ်ရောက်သည့် လူတစ်ဦးဟု မြင်မည်လဲ။ ထိုအိမ်ပြန်လမ်းမှာ ငယ်စဥ်ခါတည်းမှ သူအကြိမ်ပေါင်းများစွာ သွားလာနေသည့် လမ်းဖြစ်သည့်တိုင် ထိုလမ်းအား ကျွမ်းကျင်မှု ဆိုသည်ထက်ပင် ပိုနေပါသေးသည်။ သူတစ်လျှောက်လုံး တိတ်ဆိတ်နေမိခြင်းက လမ်းမသိ၍ မဟုတ်..သူတွေးရမည့် လေးပင်စေသည့် ကိစ္စရပ်များကြောင့်သာ။
"ငါက ကလေးလား "
" ဗျာ! အဲ.. မဟုတ်ပါဘူး၊ ကျွန်တော်က"
" သွားနားတော့.. ငါတစ်ယောက်ထဲ ခဏနေမယ် "
မင်ရန်ထွက်သွားတော့မှ အနည်းငယ်လှုပ်ခါနေသည့် ဝေါယဥ်ငယ်ထဲ သူသက်ပြင်းမောကိုချလို့ ခြေပစ်လက်ပစ် ထိုင်ချမိတော့သည်။ ဖြတ်တိုက်သွားသည့် လေစိမ်းနှင့်အတူ လွင့်ခါသွားရသည့် ပြတင်းပေါက်အသေးလေးမှ လိုက်ကာစလေးကြောင့် မိုးကောင်းကင်အား တုံတိဘာဝေဖြင့် စိတ်ပျက်ဖွယ် သူကြည့်လိုက်မိသည်။