"ဒီည လမင်းကြီးက မလှဘူးလား"

ဝေယံ မဟူရာ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ တောက်ပ လင်းလဲ့နေသော လမင်းဆီမှ အသံရှင်၏ အပြုံးရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရသလို ရှိသည်။

"သိပ် လှတာပဲ"

"ဟိုးအရင်က ဂျပန် အမျိုးသားတွေက ချစ်ရသူတွေကို ချစ်ကြောင်း ပြောဖို့ အရမ်း ရှက်ကြတယ်၊ အဲ့ဒါကြောင့် ချစ်တယ်လို့ ပြောမယ့်အစား လမင်းကြီးက လှတယ်နော် ဆိုပြီး ပြောတတ်ကြတယ်"

ဝေယံ နူးနူးညံ့ညံ့ ပြုံးလိုက်မိသည်။

ထိုခဏ ကြည်နူးဖွယ်ရာ ပတ်ဝန်းကျင်က ဝမ်းနည်း နာကျင်ဖွယ်ရာ မြင်ကွင်း တစ်ခုအဖြစ် ရုတ်ခြည်း ပြောင်းလဲသွားသည်။

ပန်းကလေးတွေ မပွင့်လန်းတော့။

လမင်းကြီးလည်း မလင်းဖြာတော့။

လေညင်းတို့လည်း မတိုက်ခတ်တော့။

ဆာကူရာ တောအုပ်ငယ်ဟာ အရိုးပြိုင်းပြိုင်း ထနေသော သစ်ခြောက်ပင်များသာ ရှိနေသည့် ကြောက်မက်ဖွယ်ရာ တောနက်ကြီး တစ်ခု အသွင် ရုတ်ခြည်း ပြောင်းလဲသွားသည်။

"ကျွန်တော့်ကို ဖြေပါ ယံ၊ ရွေးချယ်မှာလား၊ ပစ်ပယ်မှာလား၊ ယံရဲ့ ဒုတိယ ရွေးချယ်မှုတော့ ကျွန်တော် ထပ်မဖြစ်ချင်တော့ဘူး"

ဝေယံ လက်က ရုတ်တရက် ဖမ်းဆုပ်ခံလိုက်ရသည်။ လက် နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မေးလာသော ရှေ့မှ လူ၏ မျက်နှာကို သေချာ မမြင်ရ။ မှုန်ဝါးပြီး ရီဝေနေသည်။ သို့ရာတွင် နှလုံးသားက စိမ်းသက် မနေ။ အလွန်တရာမှ ရင်းနှီးနေခဲ့သည်။

မေးလာသော မေးခွန်းကို ဖြေလိုက်ဖို့ နှုတ်ခမ်းများ ဟလိုက်သည့် တစ်ခဏ။ ထူးဆန်းသည့် ပြောင်းလဲမှု တစ်ခု ဖျတ်ခနဲ ဖြစ်ပျက်သွားသည်။ ဝေယံ၏ နှုတ်မှ ထင်မှတ် မထားသော စကားလုံးများ ထွက်ကျလာသည်။

"ငါ့အတွက် မိသားစုက အရေးကြီးဆုံးပဲ"

ထိုစကားကို နှုတ်ဖျားဆီမှ ပြောထွက်မိသွားတာ ဝေယံကိုယ်တိုင်တောင် မယုံနိုင်။ သူ ရည်ရွယ်ထားတာ ထိုစကားလုံးများ မဟုတ်။

SUN { Season 1 }Where stories live. Discover now