"နန်း စားချင်လို့"

"စောစောကလေးတင် ကိုရီးယား အကင်တွေ စားထားတာ မဟုတ်လား၊ ဆက်စားနိုင်သေးတယ်ပေါ့၊ ဗိုက်က ဆံ့သေးတယ်လား"

"ဟုတ်၊ ဆံ့သေးတယ်၊ ဟီး . ."

အဝါရောင် ပီကာချူး အရုပ်ကို ပို တိုးဖက်ရင်း ပြည်တည်တည် အပြုံးဖြင့် နန်းယု မျက်နှာ ချိုသွေးလိုက်သည်။

"အခုလို လျှောက်စားနေတာနဲ့ ညစာ မစားနိုင် ဖြစ်တော့မှာပဲ . . ၊ တစ်ယောက်တည်း သွားဝယ်စားလို့ ဖြစ်တယ်မလား"

အာကာဟိန်းထက် ပြောရင်းမှ ငါးထောင်တန် တစ်ရွက် ထုတ်ပြီး နန်းယု လက်ထဲ ထည့်ပေးလိုက်သည်။

"ကိုယ် ခြေထောက်တွေ အရမ်း ညောင်းနေလို့ . . ၊ ဒီမှာ ခဏလောက် ထိုင်ဦးမယ်"

"ဟုတ် . . ၊ ဦးက ဘယ်အရသာနဲ့ စားချင်လဲ"

"ကိုယ် မစားတော့ဘူး၊ မင်း တစ်ယောက်သာ အဝစားပါ"

"ဒါဆို နန်းက နှစ်ခု စားမယ်"

ပီကာချူး အရုပ်ကို ခုံတန်းပေါ် ချပြီး ရေခဲမုန့် ဆိုင်ဆီ ပြေးသွားလိုက်သည်။

အလုံး သုံးဆင့် ထပ်ထားသည့် ချောကလက် ရေခဲမုန့် တစ်ခုနှင့် ဘီစကွတ်မုန့် နှစ်ချပ်အား တြိဂံ ပုံစံ ထိုးစိုက်ထားသော ပူတင်း အရသာ ရေခဲမုန့် တစ်ခုကို လက်က ကိုင်ပြီး နန်းယု ပြန်ရောက်လာသည့်အခါ အာကာဟိန်းထက်က ခုံတန်းတွင် မရှိတော့။ မတ်တတ်ရပ်လျက် ခါး အနည်းငယ် ကိုင်းကာ စင်္ကြံ ဘေးဝဲယာ တစ်လျှောက် ကာရံထားသည့် မှန်ဘောင်ထက်မှ စတီးလက်ရန်းပေါ် လက် နှစ်ဖက် တင်ယှက်ပြီး ကုန်တိုက်၏ အထပ်တိုင်းက ဆိုင်ခန်းများနှင့် လူရိပ် များစွာကို ငုံ့ကြည့်နေသည်။
    
ငေးကြည့်နေသော အာကာဟိန်းထက် မျက်လုံးများမှာ စူးရှ ရင့်မှောင်နေရုံမက မျက်စံများကပါ တဖျတ်ဖျတ် လက်နေသည်။ နောက်ကျော ပေးထားတာ ဖြစ်၍ ဘေးတိုက် လှမ်းမြင်ရသော ကျောဘက်ပိုင်းက ကဗျာဆန်စွာ ပြီးပြည့်စုံနေသည်။ နောက်ကျောပိုင်းနှင့်တင် သေလောက်သည့် ခန့်ညားမှုမျိုး ဖြစ်သည်။ သူမ ရေးဆွဲခဲ့သည့် ပန်းချီကားထဲမှ ဇာတ်ရုပ်ထက်တောင် အဆပေါင်းများစွာ ပို၍ သာ၍ ပြည့်စုံလွန်းသည့် ကြည့်ကောင်းမှုမျိုး ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now