အပိုင်း - (၁၂)

3.6K 342 25
                                    

(Zawgyi)

ခေတ်နှင့် မမ ကိုထွန်းပိုင်တို့ ရွာလေးသို့ ရောက်ပြီး (၂)ရက်အကြာတွင်ပင် မမ၏ မိသားစုက မမကို အမွေဖြတ်စွန့်လွှတ်လိုက်သည့် ကြော်ငြာစာအား သတင်းစာနှင့် social media၌တွင်ပင် ကြေညာခဲ့လေသည်။ အစကတည်းက ခေတ်တို့နှစ်ယောက်စလုံး မှန်းထားကြပေမဲ့လို့ မိဘက စွန့်ပစ်လိုက်ခြင်းဆိုသော ခေါင်းစဉ်အား တကယ့်တကယ်ကြုံတွေ့လာရသည့်အခါ၌ မမတစ်ယောက်မျက်ရည်ကျနေသည်ကို ခေတ်မှာ ဝမ်းနည်းစွာဖြင့်ပင် ကြည့်နေခဲ့ရ၏။

ခေတ် သိရသလောက် မမက သူမ၏မေမေအား သိပ်ကိုချစ်သည့် သမီးတစ်​ယောက်ပါ။ ခေတ်တို့ အဆုံးစွန်ထိ တွေးထားသော အချိန်တန်လျှင် သားသမီးတွေအား မိဘများက ပြန်လက်ခံမှာပါဟူသည့် မျှော်လင့်ချက်သေးသေးလေးဟာလည်း ပျောက်ကွယ်ခဲ့ရလေပြီ။ ခေတ်ကိုတော့ ခေတ်အိမ်က "ငါတို့ကို အဖေအမေလို့ တစ်သက်လုံးလာခေါ်စရာမလိုတော့ဘူး...ငါတို့အိမ်အရိပ်ကို နင် ယောင်လို့တောင်မနင်းနဲ့" ဟူသော messageတစ်ကြောင်းဖြင့်ပင် ယတိပြတ်စွန့်လွှတ်ခဲ့လေသည်။ ထိုစကားဟာ ခေတ် သေဆုံးချိန်သည်အထိ မပတ်သက်ဘူးဆိုသည်အားလည်း ခေတ် တစ်ယောက်သာ အသေအချာသိနေခဲ့၏။

အစက ကိုထွန်းပိုင်တို့ ရွာလေး၌ (၁)ပတ်ကျော်ကျော် (၂)ပတ်နီးပါးလောက် နေမည်ဟု အစီအစဉ်ဆွဲထားခဲ့ကြပေမဲ့ ခေတ်တို့နှစ်ယောက်အား မိဘတွေလိုက်မရှာလောက်ဘူးဟု သိလိုက်ကြရတော့ (၅)ရက်နေပြီးတာနှင့်ပင် ခေတ်တို့ ရန်ကုန်သို့ပြန်ခဲ့ကြလေသည်။

အခုမှ မိန်းကလေးနှစ်ယောက် ဘဝအား စလုံးရေ စ ရမည်ဖြစ်သောကြောင့် အခက်အခဲတွေကတော့ အများကြီးရှိခဲ့၏။ အရင်ဆုံး ခေတ်တို့နှစ်ယောက် လုံလုံခြုံခြုံ နေနိုင်ဖို့ရာ တိုက်ခန်းတစ်ခန်းအား မမ ခွင့်ယူထားသော ပိတ်ရက်(၂)ရက်အတွင်း၌ အသည်းအသန်ရှာကြရသည်။ ရုံးနှင့် နီးသော၊ ပတ်ဝန်းကျင်ကောင်းသော၊ ခေတ်တို့တွင်ရှိသည့် ပိုက်ဆံလေးနှင့်လုံလောက်သော တိုက်ခန်းတစ်ခန်းအား ရန်ကုန်မြို့၌ ရှာရသည်မှာ သိပ်တော့မလွယ်ခဲ့ပေ။ နောက်ဆုံးတွင်တော့ တစ်လ ၁သိန်းကျော်ကျော်လေးဖြင့် ပတ်ဝန်ကျင်ကောင်းသော တောင်ဥက္ကလာရှိ (၅)လွှာခန်းလေးအား ခေတ်နှင့်မမတို့ ငှါးနိုင်ခဲ့လေသည်။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now