4 - Alcohol အားနည်းတဲ့ ထိုလူနာ

323 64 112
                                    

Unicode Version

" သခင်လေး ဒီည မိသားစု စုံညီ ညစာစားပွဲရှိတယ်နော်"

"အင်း ငါသိတယ်"

အမှန်တော့ မိသားစုစုံညီ ညစာစားပွဲဆိုသည်မှာ အမည်ခံသာ ဖြစ်လေသည် ။ ခဲဂျီတို့ ဆွေမျိုး အသိုင်းအဝိုင်း​၏ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံပြီး အတူတူစားသောက်ကြသည့် ပွဲတစ်ခုဖြစ်ပေမယ့် သာမန်မိသားစုတွေ တွေ့ဆုံပြီး ပြောကြဆိုကြ စားကြသောက်ကြနှင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြသည့် ညစာစားပွဲမျိုးတော့ မဟုတ် ။ တစ်နှစ်တာအတွင်း လုပ်ငန်းကိုင်ခန်း အခြေအနေ အနှစ်ချုပ်ကို တင်ပြရင်း ရှေ့လျှောက်လုပ်ဆောင်မည့်ကိစ္စများကို ဆွေးနွေးပြောကြားကြသည့် အေးစက်စက်နိုင်လွန်းလှသော အလုပ်သဘောဆန်ဆန် ညစာစားပွဲ အမည်ခံ အစည်းအဝေးတစ်ခုသာဖြစ်လေသည် ။ တစ်နှစ်ပတ်လုံး မည်သည့်အကြောင်းပြချက်မျိုးနှင့်မဆို ဆွေမျိုး အသိုင်းအဝိုင်း အချင်းချင်း တွေ့ဆုံဖို့ ငြင်းပယ်ခွင့်ရှိသော်လည်း ထိုညစာစားပွဲကိုတော့ မိသားစုဝင်အားလုံး တက်ရောက်ဖြစ်အောင် တက်ရောက်ကြရလေ့ရှိသည် ။ ဤသည်ကား အီရှီယာမ မိသားစု၏ အစဉ်အလာပင် ။

"ဂျိုးဆက် .. မီဒိုရီကာဝါ အုပ်စုနဲ့ ပြောထားတဲ့ ကိစ္စက ပြီးပြတ်ပြီလား?"

"ဟုတ်ကဲ့ သခင်လေး နောက်နှစ်ရက်နေရင် သင်္ဘောဝင်မှာပါ"

ခဲဂျီက ဂျိုးဆက်ယူလာပေးသော စာရွက်စာတန်းတချို့ကို လှန်လှောကြည့်ရှုရင်း ခေါင်းညိတ်လိုက်သည် ။ ထိုစဉ် ခဲဂျီ၏ လက်ကိုင်ဖုန်းက တုန်ခါလာ၏ ။ ဖုန်းစခရင်ပေါ်မှာ မြင်လိုက်ရသည့် နာမည်စာတန်းကြောင့် ဂျိုးဆက် အံ့အားသင့်သွားမိသည် ။ သခင်လေး ခဲဂျီ၏ လက်ကိုင်ဖုန်းဆီ တိုက်ရိုက်ဖုန်းဆက်ခွင့်ရှိသူ အင်မတန် နည်းပါးလွန်းလှပြီး ယခု ဆက်လာသူက တာနာကာ ဆဲန်းဆဲ တဲ့လား ။ ဂျိုးဆက် သူ့မျက်လုံးများကိုပင် သူမယုံကြည်နိုင်ဖြစ်နေခဲ့သည် ။ ထို့ထက်ပိုသည်ကား မျက်မှောင်ကျုတ်ကာ စာရွက်စာတန်းတစ်ထပ်ကြီးကို ရန်သူလို ကြည့်နေခဲ့သည့် သူ၏ သခင်လေးမှာ ဖုန်း၏တုန်ခါမှုကြောင့် အင်မတန် စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းစခရင်ကို လှမ်းအကြည့် နွေဦး၏ ချယ်ရီပွင့်ဖတ်ကလေး သဖွယ် နူးညံ့သွားပြီး ဖုန်းကို ရုတ်ခြည်း ကောက်ကိုင်လိုက်တာကြောင့်ပင် ။

My Little MonsterWhere stories live. Discover now