သူတို့ နှစ်ဦးစလုံး ဝေယံ့ကို မမြင်။ သိပ် မနီးလွန်းသည့် အကွာအဝေး ဖြစ်တာမို့ ဘာတွေ ပြောနေမှန်းတော့ ဝေယံ သေချာ မသိရ။ သို့သော် စကားပြောပုံကို ကြည့်ရုံနှင့်တင် သူစိမ်းတွေ မဟုတ်မှန်း သူ ရိပ်မိသည်။

စကားပြောနေရင်းမှ ဗြုန်းခနဲ ဆိုသလို ထိုမိန်းကလေးက နေသူရိန်မင်းခန့် ဆံပင်ကို လှမ်းပြီး ထိကိုင်လာသည်။ ဝေယံ ရင်ထဲ နာကျင်စွာ ပူလောင်သွားသည်။ ပို ထူးဆန်းတာက ထိုအပြုအမူကို နေသူရိန်မင်းခန့်က ငြင်းဆန်တာမျိုး မရှိဘဲ သူမ မိမိရရ ထိကိုင်လို့ ရအောင်ပါ ကိုယ်ကို ကိုင်းညွှတ်ပေးထားတာပဲ ဖြစ်သည်။

ဝေယံ နှလုံးသားက စူးခနဲ။
    
ယခု အချိန်မှာ သူ ခံစားလိုက်ရတာက အရှိန်ဖြင့် ပြေးလာသော လူ တစ်ယောက်အား ရင်ဝသို့ ဆောင့်ကန်ခံလိုက်ရသလို ပြင်းထန် နာကျင်စေသည့် အခြေအနေ တစ်ခုပဲ ဖြစ်သည်။ သူ လွင့်ထွက်သွားပြီ။ သူ နာကျင်သွားပြီ။ သူ ပြိုလဲကျသွားပါပြီ။

အာရုံ ခံစားမှု တစ်ခုလုံး တစိမ့်စိမ့် ပူလောင်လာသည်။ ထိုအသိအား ထပ်ပြီး ပူပြင်း တောက်လောင်လာစေသော အရာက အတိတ်မှ ဖြစ်ရပ်များ။

တစ်ယောက်ပြီး တစ်ယောက် အပျော် တွဲခြင်း ခံခဲ့ရသော နေသူရိန်မင်းခန့်၏ ရည်းစားဟောင်းများ။ ပစ်ပယ်ခံလိုက်ရသော ထိုမိန်းကလေးများ စာရင်းတွင် သူရော ပါဝင်တော့မည်လား။

ဘယ်လို လူကများ အစားအသောက် တစ်မျိုးတည်းကို နေ့တိုင်း စားချင်မှာလဲ
    
အချိန် ကြာလာရင် ငြီးငွေ့သွားမှာပဲလေ

နည်းနည်းလေး မော်ဒန်လ် အောက်သွားတာနဲ့ အသစ် ရအောင် လဲယူတတ်တာ ငါ့အကျင့်ပဲ

ယခင်က ပြောခဲ့ဖူးသော စကားများ။
နားထဲ စူးစူးနစ်နစ် တိုးဝင်လာသည်။

ဟုတ်ပါသည်။

ခန္ဓာကိုယ် တစ်ခုလုံးကို ပေးအပ်ပြီးပြီ ဆိုမှတော့ ဝေယံအောင် ဟူသော လူသားတွင် နေသူရိန်မင်းခန့် မက်မောစရာ ဘာများ ကျန်တော့မှာလဲ။

SUN { Season 1 }Where stories live. Discover now