ဗညားသတိုး ရွှေရောင်တောက်ပသည့်ဝတ်ရုံတော်ကို ဝတ်ဆင်သည်။ရတနာခုနှစ်မျိုးစီခြယ်ထားသည့်မောင်းစလွယ်ကြိုးကို ဝတ်ရုံတော်ပေါ်မှ ဝတ်ဆင်လိုက်သည်။ရဲရဲနီသည့်ပတ္တမြားနားတောင်းနှင့်အပြိုင် သန်မာသည့်လက်ချောင်းများမှ ပတ္တမြားလက်စွပ်သည် တောက်ပနေ၏။တစ်ကိုယ်လုံးတွင် သစ်လွင်တောက်ပနေသည့်အရှိန်အဝါများနှင့် ခြားနားစွာနှဖူးပေါ်မှ ပတ္တမြားရောင် ချည်နှဖူးစည်းလေးက မှိန်ဖျော့နေသည်။
သမိန်သူရိန် အင်းဝဧည့်နန်းဆောင်အတွင်း ဝင်လာသည်။ကြေးမုံရှေ့က ဟံသာဝတီပြည့်ရှင်မင်းကြီးကိုမြင်တော့ စိတ်ထဲလေးလံသွားသည်။
"အရှင်မင်းကြီး တကယ်ဘဲနန်းစောရှင်ရဲ့ နန်းတက်မင်္ဂလာဘိသေကသဘင်ကို တက်ရောက်လေမှာလား"
ဗညားသတိုး အတောင်နှစ်ဆယ်ရှည်သည့်ရွှေချည်ဖောက် တောင်ရှည်ပုဆိုးကို သေသပ်အောင်ပြုပြင်လိုက်ပြီး ပြုံးသည်။
"နန်းစောရှင်ရဲ့ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေမယ့်အခိုက်အတန့်လေးကို ကိုယ်တော်လွတ်မသွားလိုဘူး"
"ဒါပေမယ့် မင်းကြီး"
"ကိုယ်တော်သိပါတယ် သမိန်သူရိန်လည်းသိလိမ့်မယ်လို့ယူဆတယ်"
သမိန်သူရိန် ဆိတ်ဆိတ်နေလိုက်သည်။ဗညားသတိုး အင်းဝဆောင်နန်းအပြင်ကို ထွက်သည်။သမိန်သူရိန်လည်း လိုက်ပါသည်။အင်းဝနန်းရင်ပြင်တွင် နန်းစောရှင်ရဲ့သစ္စာခံတပ်မှူးများက အဆင်သင့်နေရာယူထားသည်။
အဆောင်အယောင်၊အဆင်တန်ဆာများက နံနက်ခင်းနေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက်။ဆင်တပ်၊မြင်းတပ်များကလည်း ရတနာစီခြယ်ထားသည့်အဆင်တန်ဆာကြိုးများ လွှမ်းခြုံထားကာ အကြပ်တပ်မှူးတွေရဲ့အမိန့်ကို နာခံလို့တပ်မအလိုက် ငြိမ်သက်စွာနေရာယူထားသည်။ရေညှိစိမ်းရောင်တံခွန်အလံတွေက ဂုဏ်ယူဖွယ်ရာ အင်းဝအာဏာစက်ကို သယ်ဆောင်ထားသည်။
ဗညားသတိုး တပ်မတွေကို ကျော်လွန်ပြီး ပလ္လင်နှင့်အနီးဆုံးနေရာရှိ ညောင်စောင်းတွင် ထိုင်လိုက်သည်။ကျွန်းညောင်စောင်းက ပြောင်လက်တောက်ပနေသည်။
YOU ARE READING
ချစ်သောပြည့်ရှင်မင်း(Completed)
Historical Fictionစစ်နတ်ဘုရားဟံသာဝတီအိမ်ရှေ့မင်းက အင်းဝနန်းတွင်းမာသူလျှိုလုပ်ရင်း အင်းဝမင်းသားငယ်လေးကိုကာကွယ်ချင်လာတဲ့အခါ နောင်တော်တစ်ပါးရဲ့သစ္စာဖောက်မှုကြောင့် အင်းဝမင်းသားငယ်လေးကဟံသာဝတီကိုရောက်သွားရရှာပါတယ် သူတို့နှစ်ဦးကံကြမ္မာတွေကိုဘယ်လိုဖြတ်ကျော်ပြီးစစ်မှန်တဲ့ပြ...