Part 10

5.5K 648 11
                                    

နန်းစောရှင် ခေါင်းတွေခြာခြာလည်အောင် မူးနေသည်။ဦးနှောက်ထဲတွင်ကား ဗလာနတ္ထိ။ မျက်လုံးတွေကိုဖွင့်လိုက်တော့ နူးညံ့သည့်ဖဲသားမွေ့ယာပေါ်တွင် ရောက်နေကြောင်းသိလိုက်ရသည်။အခန်းထဲတွင် ရိုးရှင်းသည့်အပြင်အဆင်ကိုသာ တွေ့ရသည်။ကြီးမားသည့်နံရံပေါ်တွင်လေးတောင်ခန့် ရှည်လျားသောရွှေကနုတ်ပန်းခက်တွေ အနားကွပ်ထားသည့်လေးတော်ကိုချိတ်ထားသည်။ထိုလေးတော်အောက်တွင်ကား အင်းဝလှံရှည်များနှင့်မတူသည့် ဟံသာဝတီလက်နက်အဲ‌မောင်းလှံရှည်ကို တွေ့ရသည်။

နန်းစောရှင် အာခံတွင်းတစ်ခုလုံးခြောက်သွေ့ကွဲအက်နေသည်။လည်ချောင်းကိုပူလောင်သည့်မီးက လောင်မြှိုက်နေသည်။အခန်းထဲတွင် နူးညံ့သည့်ပန်းရနံ့တစ်မျိုးရသည်။ပန်းရနံ့ကနန်း‌စောရှင်ခေါင်းကို ကြည်လင်လာစေသည်။နန်းစောရှင်အပြည့်အဝနိုးသွား‌တော့ အတွေးတွေကတစ်ပတ်လည်လာသည်။အဖြစ်အပျက်တွေကတဖြည်းဖြည်း နန်းစောရှင်ဦးနှောက်ထဲဝင်ရောက်နေရာယူလာ၏။

'နောင်တော်ကြီးမရှိတော့ပြီ'

'နောင်တော်တွေလည်းမရှိတော့ပြီ'

'ခမည်းတော်လည်းမရှိတော့ပြီ'

'သူသည်လည်းအင်းဝမင်းသားငယ် မဟုတ်တော့ပြီ'

နောင်တော်ကြီးနှင့်နောင်တော်တွေအားလုံးက  မင်းရဲဗလရဲ့ဟန်ဆောင်မျက်နှာဖုံးအောက်တွင်  ကျဆုံးခဲ့ရသည်။မင်းရဲဗလက နန်းစောရှင်တို့ကိုပြုံးပြနေရင်း တစ်ဖက်ကပင်ရွံမုန်းနေခဲ့သည်။ကြင်ကြင်နာနာပွေ့ဖက်ရင်း နောက်ကျောကိုဓားနှင့်ထိုးရန် ကြံစည်နေခဲ့သည်။

'ဘယ်အချိန်ထဲက မင်းရဲဗလကနန်းစောရှင်တို့ကို သတ်ပစ်ချင်နေခဲ့တာလဲ ခမည်းတော်နဲ့မသင့်မြတ်ထဲကလား'

နန်းပလ္လင်ကို လောဘတက်လွန်း၍ညီနောင်တွေကို ရှင်းလင်းပစ်ခဲ့တာ။မင်းရဲဗလ ငယ်ရွယ်စဉ်ကခံစားခဲ့ရသည့်အရှက်ကွဲမှုတွေ သိမ်ငယ်မှုတွေကို အလုံးစုံမြိုသိပ်ရင်း အဆိပ်ဓားသွားတစ်လက်ကိုဖွက်ထားကာ အသေအချာကိုကြံစည်ခဲ့တာ။နန်းစောရှင် အစာအိမ်ထဲကခါးသီးမှုတွေကို ခံစားလိုက်ရသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now