ယခု လက်ထပ် ဖိတ်စာတောင် မေ Scarlett ပို့မှ နေသူရိန်မင်းခန့် သိခွင့်ရသည့် အခြေအနေ။ မဟုတ်ပါက ဘယ်အချိန်ထိ သူ့ကို ဝေယံ ရှောင်ဖယ်နေဦးမလဲ မသိ။ သူ ကျောင်းပြီးမှလား။ သို့မဟုတ် မေ Scarlett နှင့် အိမ်ထောင်ကျပြီး ကလေးတွေ မွေးပြီးမှလား။

မျှော်နေမည် ဆိုပြီး လေဆိပ်မှာ ပေးခဲ့သော ကတိတွေ။
ဘွဲ့ ရပါက ဂျပန်ကို လိုက်လာမည် ဆိုသော စကားတွေ။

အားလုံး အလိမ်တွေ၊ အညာတွေ။
အလိမ်အညာတွေချည်း ဖြစ်သည်။
    
ဘာကြောင့်များ . . .
မတည်နိုင်ဘဲ ကတိတွေကို ပေးခဲ့ရတာလဲ။

နေသူရိန်မင်းခန့် လေယာဉ် ခုံပေါ်က တစ်ခါသုံး ကော်ဖီခွက်ကို ယူကာ မော့သောက်ပစ်လိုက်သည်။ အရသာအတိုင်း ခါးသီးသော အရည်များ ခန္ဓာကိုယ် တစ်ခုလုံးသို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားသည်။

တစ်ခုပဲ ရှိသည်။

ဝေယံနှင့် လူချင်း တွေ့ပြီး အကြောင်းပြချက်ကို မေးမှ ဖြစ်တော့မည်။ ဒီလက်ထပ်ပွဲကို ဘာကြောင့် လက်ခံရတာလဲ။ ဘာလို့များ သူ့အပေါ် သစ္စာ မဲ့နိုင်ရတာလဲ။ အဖြေကို နေသူရိန်မင်းခန့် သိမှ ဖြစ်မည်။ ဝေယံ့ နှုတ်မှ ကိုယ်တိုင် ကြားရမှ ဖြစ်မည်။

အနည်းဆုံးတော့ ဒီလက်ထပ်ပွဲဟာ ဝေယံ မငြင်းဆန်နိုင်၍ မတတ်သာဘဲ လက်ခံလိုက်ရသည့် လက်ထပ်ပွဲ တစ်ခု ဟုသာ နေသူရိန်မင်းခန့် ယုံကြည်ချင်နေသည်။

လေယာဉ် ဆိုက်တာနှင့် တစ်ခါတည်း တက္ကဆီ ဋ္ဌားပြီး သိပ္ပံ လမ်းမကြီးဆီက သူ ယခင် နေခဲ့သည့် အိမ်ကို နေသူရိန်မင်းခန့် တန်းပြန်လာခဲ့သည်။ ချက်ချင်းကြီး ဝေယံ အိမ်ကို သွားဖို့ မသင့်တော်တာကြောင့် ဖြစ်သည်။ ဘာကြောင့်ဆို လက်ထပ်ပွဲ နီးတာမို့ အိမ်မှာ လူကြီးတွေ ရှိနေလောက်သည်။ စီစဉ်စရာ ရှိတာ စီစဉ်ကြမည်။ ညွှန်ကြားစရာ ရှိတာ ညွှန်ကြားလိမ့်မည်။
    
အဆိုးဆုံးက သတို့သမီးလောင်း မေ Scarlett ပါ ရှိနေလိမ့်မည်။ ယခုအချိန်မှာ ပြုံးပျော်နေမည့် သူမ မျက်နှာကို နေသူရိန်မင်းခန့် မမြင်ချင်။ အတတ်နိုင်ဆုံး ရှောင်ရလိမ့်မည်။

SUN { Season 1 }Where stories live. Discover now