"မနေ့ညက အရမ်း စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို ကြည့်လိုက်ရတယ်၊ ဝန်ခံရရင် . . အဲ့ဒါကလည်း ပထမဆုံး အကြိမ် မဟုတ်ပြန်ဘူး"

နေသူရိန်မင်းခန့် ဘာမှ မပြောမိ။
မေ Scarlett က ခပ်မဲ့မဲ့ ပြုံးနေသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် . . အိပ်မက်ကိုယ်စီ ရှိကြတဲ့ လူ နှစ်ဦးရဲ့ အချစ် ဇာတ်လမ်းလေး တစ်ပုဒ် ဆိုတာ  အိပ်မက် မက်ပြီးရင် နိုးထရမှာပဲ မဟုတ်ဘူးလား"

နေသူရိန်မင်းခန့် မေ Scarlett ကို ဆတ်ခနဲ ကြည့်လိုက်မိသည်။ မျက်လုံးများကို အဖြေ ရှာသလို ကြည့်ခြင်း ဖြစ်သည်။ သို့သော် အဖြေကို မတွေ့ရ။

"မင်း ဘာကို ပြောချင်တာလဲ"

မေ Scarlett ပြုံးလိုက်သည်။ မဲ့ပြုံး စစ်စစ် ဖြစ်သည်။

"စောစောကတည်းက ကိုနေတို့ရဲ့ ကိစ္စကို ပြောမယ် ထင်လို့ စောင့်နေတာ၊ ဒါပေမယ့် ကိုနေ မပြောဘူး"

သူမ လေသံက ခါးသက်မှုဖြင့် အနည်းငယ် မာနေသည်။
    
နေသူရိန်မင်းခန့် မျက်မှောင် ချီလိုက်မိသည်။

"အခု . . ပြောလေ ကိုနေ"

မေ Scarlett ကို ကြောက်ဖို့ ကောင်းလိမ့်မည် ဟု နေသူရိန်မင်းခန့် တစ်ခါမှ မထင်ခဲ့မိ။ ယခုတော့ သူမ ပုံစံက ကြောက်စရာ။ ယခု ကိစ္စမှာ မေ Scarlett ဘက်က အစွန်းဆုံးအထိ ပြင်ဆင်ခဲ့ ပုံ ရသည်။ အရာအားလုံးအတွက် အဆင်သင့် ဖြစ်နေသလိုလို။

"ဘာအကြောင်းလဲ"

"မေလေးရဲ့ သတို့သားလောင်းကို ကိုနေ ခိုးယူထားတဲ့ အကြောင်းလေ"

မေ Scarlett စကားသံက နေသူရိန်မင်းခန့် ရင်ထဲသို့ မြား တစ်စင်းလို စူးနစ်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။ ရင်ထဲမှာ နာကျင်သော ဝေဒနာနှင့် အတူ ပူလောင် ပြင်းပြမှုကိုပါ ခံစားလိုက်ရသည်။

ခိုးယူခြင်း . . ။

အသိ ဦးနှောက်ထဲမှာရော၊ နှလုံးသားထဲမှာပါ ခိုးယူခြင်း ဟူသော အတွေးမျိုး တစ်ခါမှ မတွေးခဲ့မိ။ နေသူရိန်မင်းခန့် အော်ဟစ် ပေါက်ကွဲပစ်လိုက်ချင်သည်။ မြင်မြင်ချင်း ချစ်ခဲ့မိသည် ဆိုတာက ထားဦး။ ဝေယံနှင့် သူက သူငယ်ချင်း ဘဝဖြင့် နှစ်တွေ ချီပြီး သံယောဇဉ်တွေ တွယ်တာခဲ့ပြီးမှ ချစ်ခြင်းမေတ္တာကြောင့် နှလုံးသား၏ ဆန္ဒက ဗြုန်းခနဲ ပြောင်းလဲသွားခြင်း ဖြစ်သည်။
    
ခံစားချက်က လေးလံစွာ ဆို့နင့်လာသည်။
ထိုစွပ်စွဲမှုကြီးက သူ့အတွက် တရားလွန်လွန်းသည်။

SUN { Season 1 }Where stories live. Discover now