သံပန်းနှင့်ပတ်သတ်သော လုပ်ငန်းများထဲတွင် သံချီသံကွေးဟုခေါ်သော ချီကွေးလုပ်ငန်းသည် အပင်ပန်းဆုံး၊ အခက်ခဲဆုံးပင်။ တိုက်အမြင့်ကြီးတွေပေါ်တက်ကာ တိုင်ဆက်၊ တိုင်ချည်ရပြီး အသက်အန္တရာယ်လည်း အလွန်များသောလုပ်ငန်းခွင်ဖြစ်သည်။ စက်အကူကိရိယာအားနည်းကာ လူလုပ်အားအများဆုံးသုံးရပြီး နည်းစနစ်မှန်မှန်လုပ်ရသည့် လုပ်ကွက်ဖြစ်သောကြောင့် တော်ရုံ နေ့စားအလုပ်သမားများ ကြုံရာဝင်လုပ်လို့လည်းမရ။

စာကျက်မည့်အစား ထိုသို့ပင်ပန်းဆင်းရဲသောအလုပ်အား လုပ်ချင်ပါသည်ဟု ပြောနေသော ချီးကျကောင်အား သော်တာနိုင် စိတ်တိုစွာဖြင့် ခေါင်းကို ဒေါက်ခနဲနေအောင် ခေါက်ပစ်လိုက်တော့သည်။

“ ဒါမျိုးကျ တော်တော်ဇွဲကောင်း..”

ကိုးအတွက်တော့ သော်တာနိုင့်မျက်စောင်းဒဏ်သည် လောလောလတ်လတ် ခေါင်းမှာဘုထွက်မတတ် နာသွားရသည့်ထက် ပိုနာကျင်စေသည်။ ထို့ကြောင့် ကိုးက သူ့လမင်းလေး ဒီ့ထပ်ပို စိတ်မတိုခင် “ ဟီး..” ခနဲနေအောင် သွားလေးစိကာ ဖြီးပြလိုက်ပါသော်လည်း သော်တာနိုင်ကတော့ အလျှော့မပေးပါ။

“ ဦးထွန်းမြိုင်တပည့်ကတော့ နေပူထဲထွက်နေရရင်ကို အဟုတ်ထင်နေတာ..”

“ အံမာ.. မင်းညီ မင်းပြောမရတာနဲ့ ငါ့ဘာလို့ ဆွဲထည့်နေတာတုန်း.. သူ့အကြောင်းသူသိလို့ ကျောင်းဆက်မတက်ချင်တာလေ.. ငါတို့က မထားတာမှမဟုတ်တာ..”

“ အဲ့ဒါ အဖေ သူ့ကို ဒီအလုပ်တွေဇွတ်လုပ်ခိုင်းပြီး တပည့်လုပ်ခိုင်းလိုက်လို့ ဖြစ်ရတာလေ..”

သော်တာနိုင့်စကားကြောင့် ကိုးခမျာ အဖေမြိုင့်အား အားနာသွားရသည်။ ဒီအလုပ်ကို သူ သင်ချင်လို့သင်ခဲ့တာဖြစ်ပြီး အဖေမြိုင့်ပယောဂပါလို့မဟုတ်ဘူးဆိုတာကို အကိုဟာ သိသိကြီးနဲ့ သူ့ကိုပြောမရတိုင်း ပတ်ရမ်းနေပြီ။

“ အလိုလေးဗျာ.. ယောကျာ်းတယောက် နောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်သင်ပေးတာကပဲ အပြစ်ဖြစ်ရတယ် ရှိသေး..”

“ ကိုးက ၁၈နှစ် တောင် မပြည့်သေးဘူး.. ဒါ ကလေးသူငယ် ငြင်းပန်းနှိပ်စက်အနိုင်ကျင့်ခိုင်းစေမှုပဲ.. အခု အဖေ့ကြောင့် သူ့ဆုံးဖြတ်ချက်တွေ တလွဲဖြစ်ကုန်ပြီ.. ဘယ်လိုလုပ်မှာလဲ..”

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now