သေချာပေါက်ပါပဲ။

ညပိုင်း ခုနစ် နာရီ လေးဆယ့်ရှစ် မိနစ်။

မိုး မရွာခင် မိနစ်ပိုင်း အလို။

မြူးကြွသော ဂီတသံက အိမ်ကြီးထဲ ဟိန်းနေသည်။
    
ရောင်စုံ မီးတန်းများ ရစ်ပတ် လွှမ်းခြုံထားသည့် အခန်းက သောက်စားသူများ၊ စကားပြောသူများနှင့် ပြည့်နှက်လျက် ရှိသည်။ ပန်းခင်းကြီးလို အရောင်စုံ ဝတ်စားထားသည့် မိန်းကလေးများဟာ ပြိုးပြက် ဖြာဝေသော မီးရောင်များ အောက် အုပ်စုဖွဲ့ စကားပြောနေကြသည်။ ရယ်သံများပါ မပြတ်မသား ထွက်ပေါ်နေ၏။ သို့ရာတွင် ဆူညံသည့် သံစဉ်ပြင်းများကို မကျော်နိုင်။

မျက်နှာချင်းဆိုင် ဝိုင်းမှာ တခြားသော အပေါင်းအသင်းတွေနှင့် ရယ်လိုက် မောလိုက် စကားပြောနေသည့် နေသူရိန်မင်းခန့်ကို ဝေယံ ထိုင်ကြည့်နေရတာ ပျင်းလာသည်။ မွေးနေ့ပွဲ တက်ဖို့ သူ့ကို ဖိတ်ထားပေမယ့် တကယ်တမ်း ရောက်လာတော့ နည်းနည်းလေးမှ အရေးမစိုက်။ အရေးတယူ စကား လာပြောခြင်းလည်း မရှိ။ မသိသလို ဟန်ဆောင်နေသည်။
    
စားပွဲဝိုင်းမှာ သူ တစ်ယောက်တည်း အဖော်မဲ့လျက်။

စကား ပြောမည့် သူ မရှိ။
လာရောက် နှုတ်ဆက်မည့် သူ မရှိ။

အားလုံးက သူစိမ်းပြင်ပြင် လူတွေသာ။
    
စိတ်ဆိုးနေမှန်း သိရက်နှင့် လျှာရှည်ပြီး လာမိသည့် ကိုယ့်ကိုယ်ကိုယ်သာ ဝေယံ ရိုက်ပစ်လိုက်ချင်တော့သည်။ မလာလည်း ဖြစ်တာကို။ မဟုတ်သေး။ ဒီလိုလည်း မလုပ်ရက်။ အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ၏ မွေးနေ့ပွဲကို မလာပါက ဘယ်ကောင်းပါ့မလဲနော်။
    
ပါတီဝိုင်းက အသံ ကျယ်လာသည်။

နေသူရိန်မင်းခန့် ရှိရာသို့ မျက်နှာ မူပြီး ဝေယံ တစ်ချက် ကြည့်လိုက်မိသည်။ ဆူညံတာကို မုန်းတီးပေမယ့် ဒီလောက်တော့ ဝေယံ သည်းခံနိုင်သည်။ သို့သော် ဖိတ်ထားသည့် မိန်းကလေး တချို့နှင့် ပူးပူးကပ်ကပ် ဖြစ်နေတာက ဝေယံ့ကို မရိုးမယွ ဖြစ်စေ၏။

"ကား ဆိုတာ နောက်ဆုံးပေါ် အသစ်စက်စက်မှပဲ ကောင်းတယ် . . ၊ မဟုတ်သေးဘူး၊ ကား တစ်ခုတည်းတင် မဟုတ်ဘူး၊ ရည်းစားလည်း ဒီအတိုင်းပဲ၊ နည်းနည်းလေး မော်ဒန်လ် အောက်သွားတာနဲ့ . . အသစ် ရအောင် လဲယူတတ်တာ ငါ့အကျင့်ပဲ"

SUN { Season 1 }Where stories live. Discover now