"ဒါဖြင့် တံခါးဝမှာ ရပ်ပြီး ခိုးနားထောင်နေတယ်ပေါ့"

"အယ် . . ၊ မဟုတ်တာ"

နေသူရိန်မင်းခန့် ဝရန်တာ ဘောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ ဂီတာကို နံရံမှာ ထောင်ပြီးသည့်အခါ ဝေယံ အနား ပေါ့ပေါ့ပါးပါး ဝင်ရပ်သည်။

အိမ်မှာ အိုတိုးစံနှင့် အိုကားစံတို့ မရှိတာမို့ အဖော် ရအောင် ဝေယံ့ကို နေသူရိန်မင်းခန့် ခေါ်ထားခြင်း ဖြစ်သည်။ ဝေယံက သူ ခေါ်တာကို မငြင်း။ ညစာ စားပြီးပြီးချင်း ဒေါ်စန္ဒာခင်အား ခွင့်တောင်းကာ နေသူရိန်မင်းခန့်ဆီ အပြေးလာခဲ့သည်။ ကမ်းလှမ်းချက်ကို လိုလိုလားလား လက်ခံခဲ့တာပဲ ဖြစ်သည်။

အိမ်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။

သစ်ရွက်လှုပ်သံ၊ လေတိုက်သံနှင့် လေတိုးသံ၊ သစ်ကိုင်း ယိမ်းသံများသာ ဝိုးတဝါး ထွက်ပေါ်နေသည်။

နေသူရိန်မင်းခန့်နှင့် ဝေယံတို့ ရပ်နေသော ဝရန်တာတွင် ညချမ်းလေက တဖြူးဖြူး တိုက်ခတ်နေသည်။ မြေပြင်မှ မီးရောင်လဲ့လဲ့နှင့် ကောင်းကင်ယံမှ အလင်းရောင် သဲ့သဲ့ဟာ ကောင်းကင်ယံထက် ဆေးစက်များ ဖျန်းပက်ထားသည့် ရေဆေး ပန်းချီကား တစ်ချပ်လို ရှုမောဖွယ် ကောင်းနေသည်။

မျက်စိ ရှေ့မှာ ရှိနေသော လပြည့် ညဟာ
လွမ်းမောဖွယ် ကောင်းလောက်အောင် အလှပိုနေသည်။

"အဲ့ဒီသီချင်းကို ဘယ်သူ့အတွက် ဆိုဖြစ်တာလဲ သိလား"

"ဟင့်အင်း၊ မသိဘူး"

"အနာဂတ်က ချစ်သူလောင်းလေးအတွက်လေ"

"သြော် . ."

ဝေယံက အနားတွင် ရပ်နေရာမှ ခပ်လှမ်းလှမ်း နေရာသို့ ရုတ်တရက် ရွှေ့သွားသည်။ နေသူရိန်မင်းခန့် ဝေယံ၏ လက်များကို ဖျတ်ခနဲ လှမ်းဆွဲလိုက်သည်။ လက်ချောင်း တစ်ခုချင်းစီကို သေချာ ဆုပ်ကိုင်ကာ လက် တစ်ခုလုံး နစ်မြှုပ်သွားအောင်အထိ ဖမ်းဆုပ်ထားသည်။

SUN { Season 1 }Where stories live. Discover now