စင်၏ လွတ်နေသည့် ကွက်လပ်လေး အကြားမှ မျက်လုံးလေး တစ်စုံကို ဖျတ်ခနဲ လှမ်းမြင်မိသည်။ ရွှန်းလဲ့စွာ တောက်ပနေသော မျက်လုံးလေးများ။ မျက်လုံးကိုပဲ သူ မြင်ရသည်။ ဘာကြောင့်ဆို စင်ပေါ်မှာ အလှဆင်ထားသည့် ဘွန်ဆိုင်း အပင်ငယ်များနှင့် ကွယ်နေတာကြောင့် ဖြစ်သည်။

သို့သော် ထိုမျက်လုံးများကို အာကာဟိန်းထက် ရင်းနှီးသည်။

ရုတ်တရက် ကောင်လေးက ယာဘက်ခြမ်းကို ယိမ်းလာသည်။ ထိုအခါ နှာခေါင်းနှင့် နှုတ်ခမ်းလေးကို လွတ်နေသည့် စင်နေရာမှာ ဖျတ်ခနဲ မြင်လိုက်ရသည်။ ထိုနှုတ်ခမ်းလေး သိပ် လှမှန်း အာကာဟိန်းထက် ချက်ချင်း သတိထားမိသွားသည်။ ပါးပါးစိုစို လှလှကလေး။  ပြုံးရယ်လိုက်သည့်အခါ နှုတ်ခမ်းလေးက ကော့ပျံသွားသည်။ ကင်းဗက်စ်ပေါ် ရေးဆွဲ ဖန်တီးချင်အောင်အထိ အနုပညာ ဆန်လွန်းသည်။

နှာခေါင်းလေးက ဖြောင့်စင်းနေ၏။ မဟူရာ အစက်ငယ်က နှာဖျား လုံးလုံးလေး အလယ်မှာ ရှိနေသည်။ ထိုမြင်ကွင်းကြောင့် အာကာဟိန်းထက် ရင်ခုန်သွားသည်။ ဘယ်သူလဲ ဆိုတာ သူ ရိပ်မိပြီ။ ချက်ချင်းလိုလို ထိုင်ရာမှ ထကာ ထိုစားပွဲဆီ ဦးတည်ပြီး လျှောက်သွားလိုက်သည်။

အနားသို့ ရောက်သွားသည့်အခါ စကားသံ သဲ့သဲ့ ကြားရသည်။ ထိုမျက်လုံးလေးဆီမှ ဖြစ်သည်။ ယခုတော့ မျက်နှာကို အပြည့် မြင်ရပြီ ဖြစ်သည်။ ထိုမျက်နှာလေး၏ ပိုင်ရှင်က အာကာဟိန်းထက် ခန့်မှန်းထားသလို ကွက်တိ ဖြစ်သည်။

"ဟေး . . အလှလေး"

အာကာဟိန်းထက် စကားကြောင့် ဝေယံ မျက်လုံး အပြူးသားနှင့် မော့ကြည့်လာသည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ကောင်လေးက သောက်လက်စ ကော်ဖီခွက်ကို စားပွဲပေါ် အားပါပါ ဆောင့်ချပစ်လိုက်သည်။ ဂွမ်းခနဲပင် အသံ မြည်သွားသည်။

အာကာဟိန်းထက် ထိုသူကို တစ်ချက် ကြည့်လိုက်သည်။ နာမည်တော့ မသိ။ မျက်မှန်းတမ်းမိသလောက် မန္တလေး တက္ကသိုလ်မှာ သူ့အား အသားလွတ်ကြီး ရန်လိုခဲ့သော ကောင်လေးပဲ ဖြစ်သည်။

SUN { Season 1 }Where stories live. Discover now