သူက ဝေယံ ဘေးမှာ လာရပ်သည်။ ထိုသူ၏ အရပ်က ဝေယံ အရပ်ထက် မဆိုသလောက်လေး ပို ရှည်နေသည်။

"မင်း မှန်းကြည့်စမ်း၊ ဒီလျှို့ဝှက် နက်နဲတဲ့ ပန်းချီမှာ ဘာအဓိပ္ပါယ် ရှိနိုင်မလဲ"

ဘာအဓိပ္ပါယ် ရှိပါလိမ့်။

လွင့်ဝဲနေသည့် မေပယ်လ် သစ်ရွက်တွေ။ အနက်ရောင် ထီးကို ဆောင်းထားသော လူငယ်။ ပင်စည် နောက်မှာ ပုန်းကွယ်နေသည့် လူ၏ အကြည့်။ နေပါဦး။ ယခုမှ တွေ့ဖူးသည့် လူ တစ်ယောက် စကားကို သူက ဘာကြောင့် လိုက်နာရမှာလဲ။

"ဆောရီး . . ၊ ငါ မသိဘူး"

"ထပ်ပြီး မစဉ်းစားတော့ဘူးလား၊ ပန်းချီကားကို ဆယ့်သုံး မိနစ် ကြာအောင် အချိန်ယူ ခံစား ကြည့်ခဲ့ပြီးမှတော့ သိသင့်တာပေါ့"

ထိုသူ စကားကြောင့် ဝေယံ အနည်းငယ် ကသိကအောင့် ဖြစ်သွား၏။ ကိုယ်တိုင်တောင် ဤပန်းချီအား အချိန် ဘယ်လောက် ကြာအောင် ကြည့်ရှုခဲ့မိမှန်း မသိတာကို သူက အတိအကျ သိနေသည်။ ဘယ်အချိန်ကတည်းက လိုက်ကြည့်နေခဲ့တာလဲ။

"နေစမ်းပါဦး၊ မင်းက ဘယ်သူလဲ"

"ဘယ်သူများ ဖြစ်ရဦးမှာလဲ၊ ဟော့ဒီ ပန်းချီကားကို ဆွဲခဲ့တဲ့ သူပေါ့"

သူက ပန်းချီကားကို လက်ဖြင့် ညွှန်၍ ပြောသည်။
   
ဝေယံ တစ်ခဏ ကြောင်အသွား၏။ သူက ဝေယံ အံ့သြသွားပုံကို ကြည့်ကာ ခပ်သဲ့သဲ့ ပြုံး၏။ လက်ခနဲ တောက်ပသွားသော အပြုံးနောက် ဝဲဘက် ပါးပြင်ထက် ပါးချိုင့် တစ်ခု အထင်အရှား ပေါ်လာသည်။

"ဟုတ်ပါပြီ၊ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး မင်း သိချင်တဲ့ နာမည်ကို ကိုယ် ပြောပါ့မယ်"

"ဘာတဲ့လဲ"

"သူ မင်းကို ခိုး ချစ်နေတယ် တဲ့"

ဝေယံ လွှတ်ခနဲ ပြုံးမိသွားသည်။

နေ သူ ရိန် မင်း ခန့်

လှုပ်ခတ်သွားသော ရင်ဖြင့် ဘယ်ဘက် လက်သူကြွယ်က လက်စွပ်ငယ်ကို ဝေယံ ယောင်ယမ်း စမ်းမိသည်။ နေသူရိန်မင်းခန့် နာမည်ကို သူ တမိသွားသည် တဲ့လား။ သြော် . . ဒုက္ခပါလား။

SUN { Season 1 }Where stories live. Discover now