"ယံ . . မှားနေတယ်"

"ဟင်၊ ဘာကလဲ"

ဝေယံ မေးလျှင် နေသူရိန်မင်းခန့်က ခေါင်းအုံးကြီးကို ပိုက်။ မျက်လုံးကို လုံးဝ မဖွင့်ဘဲ ဖြေတတ်သည်။

"Flamingos လေ၊ F . l . a. m . i . n . g . o . s ဖြစ်ရမှာ၊ F . l . a . n . i . m . g . o . s မဟုတ်ဘူး၊ m နဲ့ n နဲ့က လွဲနေတယ်"

"သြော် . . ၊ ဟုတ်လား"

ဝေယံ ရွဲ့စောင်းကာ မေးသည်။

"ဟုတ်တယ်၊ ဒါမှ I saw a white rhinoceros, And white flamingos, too ဖြစ်မှာပေါ့"

"ငါ သိတယ်၊ လျှာ ရှည်လိုက်တာ"

စာကြည့်စားပွဲမှ ဝေယံ စိတ်ဆိုးမာန်ဆိုး ဝုန်းခနဲ ထလာတော့၏။ ထိုအခါ နေသူရိန်မင်းခန့်က ပြည်တည်တည် မျက်နှာဘေးဖြင့် ခွီးခနဲ ရယ်တတ်သည်။ နေသူရိန်မင်းခန့် ရယ်သည့်အခါ သူပါ လိုက်ရယ်မိသည်။ သို့သော် ရယ်ရင်းမှ စာ မကျက်ဘဲ ဆရာကြီး လုပ်လွန်းသည့် နေသူရိန်မင်းခန့်ကို ဝေယံက ခေါင်းအုံးနှင့် ထုသည်။

နေသူရိန်မင်းခန့်က ရှောင်။ ဝေယံက ထု။ တစ်ယောက်နှင့် တစ်ယောက် လုံးထွေးပြီး ခုတင်ပေါ် ရန်ပွဲ နွှဲကြတော့သည်။ တစ်ဖက်ခန်းမှ ဒေါ်စန္ဒာခင် ကြားပါက မနေနိုင်ဘဲ ဝင်ရောက် ဖျန်ဖြေပေးရ၏။
    
"မေ့သားတွေရယ် . . မဆူပါနဲ့၊ Pa အိပ်နေတယ်လေ၊ တော်တော့နော်"

နေသူရိန်မင်းခန့်နှင့် ဝေယံ ပြဿနာ ဖြစ်ပါက ဒေါ်စန္ဒာခင် ဖျန်ဖြေမှ ပြီးသည်။ သူတို့ နှစ်ယောက် စိတ်ဆိုး စိတ်ကောက်ပါက ဒေါ်စန္ဒာခင် ဖျောင်းဖျမှ တည့်သည်။ သို့သော် စာ လုပ်ချိန်က အမြဲ ဆူညံစွာ အချိန် ကုန်တတ်သည်။

ထိုအချိန်မျိုး၌ နေသူရိန်မင်းခန့်၏ အကျင့်စရိုက်နှင့် ပတ်သက်ပြီး ဆိုးကွက်တို့ကို မေးခွန်း ထုတ်ပါက ဝေယံ့မှာ ဖြေစရာ အဖြေ အဆင်သင့် ရှိသည်။ နားညည်းသည်။ စကား များလွန်းသည် ဟု ဖြေမှာပဲ ဖြစ်သည်။

စာ လုပ်နေချိန်  နေသူရိန်မင်းခန့်က တကျီကျီ လုပ်လျှင် ဝေယံ စိတ်ညစ်ရသည်။ ဘေးမှ ဗျစ်တောက်ဗျစ်တောက် ပြောပါက စိတ်ရှုပ်ရသည်။ နေသူရိန်မင်းခန့်သာ ဘာဆူညံမှုမှ မလုပ်လျှင် လုံးထွေး ရန်ဖြစ်ရခြင်းမျိုး မရှိ။ စကားများ ဆူပူရခြင်းတို့ မရှိ။ အေးဆေး ငြိမ်သက်သည့် အခြေအနေမျိုးကို ပိုင်ဆိုင်ရပြီး သက်သောင့်သက်သာ စာ လုပ်နိုင်သည်။

SUN { Season 1 }Where stories live. Discover now