"ယံ ဆယ်တန်း စာမေးပွဲ နီးပြီနော်"

နေသူရိန်မင်းခန့် အိပ်နေရာမှ ကုန်းရုန်း ထလာသည်။

"အဲ့ဒါကြောင့် မင်းကို နှိုးနေတာပေါ့၊ စာကျက်ရမယ်လေ"

စားပွဲတင် နာရီက လေး နာရီကို ညွှန်ပြနေသည်။ မနက် လေး နာရီသည် မနက် လေး နာရီ ပီသအောင် ငြိမ်သက်လျက် ရှိနေသည်။ နေရောင်ခြည် မရှိသေး။ လောက တစ်ခုလုံး ပိန်းပိတ်ထူအောင် ကျသော နှင်းမှုန်များသာ လွှမ်းနေသည်။

"ပင်ပန်းလိုက်တာ ယံရာ၊ စောစောစီးစီး စာကျက်ရဦးမှာလား၊ အေးရအေးနဲ့ဗျာ"

"ပင်ပန်းတယ်၊ မင်းကများ ပြောရတယ် ရှိသေး၊ တကယ်တမ်း . . ပင်ပန်းရတာ ငါပါ၊ မင်း လုပ်တာဆိုလို့ ခေါင်းအုံးကြီး ပိုက်ပြီး ငါ့နား လာအိပ်နေတာပဲ ရှိတာလေ"

နေသူရိန်မင်းခန့် တိုးတိုးလေး ရယ်မောနေသည်။

"အိပ်တာ မဟုတ်ပါဘူး၊ ယံ ကျက်တဲ့ စာတွေကို နားထောင်နေတာပါ"

အတွက်အချက်ကိုသာ အားသန်သည့် နေသူရိန်မင်းခန့်က ကျက်စာဆို စိတ်ကုန်စရာ ကောင်းသည် ဟု ထင်သည်။ စာ မလုပ်ချင်သော လူပျင်း တစ်ယောက် မဟုတ်ပေမယ့် စာကျက်ဖို့ သိပ်ကို ပျင်းလွန်းသည်။ တွက်စာထဲမှာ ပါသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် အတိုလေးတွေကိုပင် သူ မကျက်ချင်။

ဒီတော့ စာ မကျက်ဘဲ စာ ရနိုင်မည့် နည်းလမ်းကို စဉ်းစားရသည်။ နေသူရိန်မင်းခန့်က ဉာဏ်ကောင်းသလောက် ဉာဏ်နီ ဉာဏ်နက်ပါ များသည့် ကောင်ကလေး ဖြစ်သည်။ နည်းလမ်းကို အလွယ်လေး ရှာတွေ့သည်။ အဖြေကား ဝေယံပဲ ဖြစ်သည်။

ဝေယံက စာကျက်လျှင် ပစ်စလက်ခတ် မကျက်တတ်။ စေ့စပ် တိကျမှု ရှိသည်။ စူးစိုက် အားထုတ်မှု ကောင်းသည်။ အသံထွက် မှန်ကန်ကာ အသံ အနေအထား ပြတ်သားသည်။ နေသူရိန်မင်းခန့်အတွက် အသင့်တော်ဆုံး ဖြစ်နေသည်။

ဝေယံဟာ နေသူရိန်မင်းခန့်အတွက် သူ လိုချင်သော အရာမှန်သမျှ အကုန် ရှိနေသည့် Google တစ်ခုနှင့် တူလွန်းလှသည်။
     
ထို့အတွက် စာကျက်ချိန်တိုင်း ဝေယံ့ အနား သွားထိုင်ကာ ဝေယံ ကျက်သမျှကို စိတ်ပါလက်ပါ နားထောင်လေ့ ရှိသည်။ နားထောင်သည့် အပိုင်းတွင် နေသူရိန်မင်းခန့်က ပါရမီ ထူးသည်။ ကလေး ဘဝကတည်းက ဝေယံ့ အသံနှင့် ရင်းနှီးမှု ရှိခဲ့သလို သိမှတ်နိုင်စွမ်းမှာ ကောင်းမွန်လွန်းသော ဦးနှောက် အခံကြောင့် ဖြစ်နိုင်သည်။ 
    
တစ်ခါတလေ ဝေယံက စာကျက်ရင်း စာပိုဒ်များကို မေ့သွားသည့်အခါ နေသူရိန်မင်းခန့်က အိပ်နေရင်း ထောက်ပြတတ်သည်။ မှားသွားသော အင်္ဂလိပ် မီးနင်းများ ရှိပါက နားထောင်ရင်း အမှား ပြင်ပေးတတ်သည်။

SUN { Season 1 }Where stories live. Discover now