"ဒါဆို စ တီးမယ်၊ သေချာ နားထောင်"

"အိုခီ၊ တီးပါဗျာ"
    
စိန်ခေါ်မှု တစ်ခုနှင့် အတူ ရှေ့မှာ ရှိနေသည့် စန္ဒရား အဖုံးကို ဝေယံ ဖွင့်လိုက်သည်။ လက်ချောင်း အားလုံးကို စန္ဒရား ခလုတ်များအပေါ် သေသပ်စွာ တင်လိုက်ပြီးနောက် Bach ၏ Chaconne သံစဉ်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
     
အစပိုင်းမှာ တီးဖို့ လွယ်ကူသလောက် အလယ်ပိုင်းမှာ တီးဖို့ ခက်ခဲလှသော တေးသွား တစ်ပုဒ် ဖြစ်သည်။ ထို့ကြောင့် စန္ဒရား ခလုတ်များ အပေါ်မှ ဖြူဥဥ လက်ချောင်းတွေ၏ လှုပ်ရှားမှု အသေးစိတ်ကို ဝေယံ အာရုံစိုက်နေရသည်။
     
Frederic Chopin ၏ Minute Waltz တေးသွားကို တီးစဉ်တုန်းကလို နေသူရိန်မင်းခန့် ရှေ့မှာ အမှား မများချင်တော့။ ဆရာ တစ်ယောက် အသွင် ဆောင်ပြီး သူနှင့် အတူ နေ့စဉ်၊ နေ့တိုင်း လေ့ကျင့်နေရခြင်း၏ တိုးတက်လာမှုကို မြင်စေချင်သည်။
    
သေချာပေါက် အာရုံစိုက်ရမယ်
     
သံစဉ်တွေအပေါ် လေးနက်မှု ရှိရမယ်
     
မပြီးပြတ်သေးသော တေးသွား လှုပ်ခတ်မှုကြားမှ ကိုယ့်ကိုယ်ကိုယ် ဝေယံ သတိပေးနေရသည်။

မှားလို့ မဖြစ်ဘူး
    
သံစဉ် ဆုံးသွားသည့်အခါ အဖြူနှင့် အနက်ရောင် စန္ဒရား ခလုတ်များအပေါ် စည်းချက်ညီစွာ ခပ်ဖွဖွ ပြေးလွှားနေသော လက်ချောင်းများ အားလုံး အလိုလို ရပ်တန့်သွားသည်။ 
    
"တွေ့လား၊ ကောင်းကောင်း တီးနိုင်ပါတယ်"

နေသူရိန်မင်းခန့်၏ ချီးကျူး စကားကြောင့် ဝေယံ ကြည်နူးမိသွားသော်လည်း ခံစားမှု အပိုင်းမှာ လိုအပ်ချက် ရှိနေသေးတာကို ချက်ချင်း သတိရသွား၏။

"ဒါပေမယ့် Mood ပျောက်နေတယ်လို့ ခံစားရတယ်"

"ကိုယ့်ကိုယ်ကိုယ်တော့ သိသားပဲ၊ ဟင်း . . သံစဉ် မမှားအောင် ဦးနှောက်ကို အလုပ် ပေးနေမှတော့ နှလုံးသားက ခံစားလို့ ဘယ်ရတော့မလဲ၊ စန္ဒရား တီးတယ် ဆိုတာ အာရုံ စူးစိုက်မှု ရှိရုံတင်မကဘူး . . အနုပညာ ခံစားမှုပါ ရှိရတယ်၊ ယံ့မှာ အဲ့ဒီလို အနုပညာ အာရုံ လုံလုံလောက်လောက် ရှိမယ်လို့ . . ကျွန်တော် မထင်ဘူး" 

SUN { Season 1 }Where stories live. Discover now