" ဒီနေ့ ဦးလေးကြီးကို ကျွန်တော်က ဟင်းချက်ကြွေးမယ်။ အပြန်အလှန်အနေနဲ့ အမြဲတမ်းပိတ်ထားတဲ့အခန်းကို ကျွန်တော့်ကိုပြရမယ်။ ဘယ်လိုလဲ? "

" လက်စသတ်တော့ မင်းလေးက အဲ့ဒီ့အခန်းကိုစိတ်ဝင်စားနေတာပဲ "

" အဲ့တော့ အပေးအယူဖြစ်တာလား မဖြစ်တာလား "

" မင်း‌လေး ကြည့်ချင်တယ်လို့ပြောနေမှတော့ ကိုယ်က မပြရက်ဘဲနေပါ့မလား "

" ဝိုးး လွယ်လိုက်တာ။ အဲ့ဒီ့အခန်းထဲမှာ ဦးလေးကြီးရဲ့ လျှို့ဝှက်ချက်တွေ ရှိမယ်ထင်ထားတာ "

သူပြုံးသာပြုံးလိုက်မိသည်။ လျှို့ဝှက်ချက်ကတော့ ဟုတ်တာပေါ့။ ဒါပေမယ့် အဲ့ဒီ့လျှို့ဝှက်ချက်က ကောင်လေးကို ဖုံးကွယ်ထားရမယ့် လျှို့ဝှက်ချက်မျိုးတော့မဟုတ်ဘူး။

" ဓားကို သေချာကိုင်ဦး။ မင်းလေးရဲ့လက်မှာ ရှရာလေးတစ်ခုတောင် ကိုယ်က မမြင်ရက်ဘူးနော် "

" စိတ်ချပါ ဦးလေးကြီးရာ။ ဓားနဲ့ပတ်သက်ရင် ကျွန်တော်က အကျွမ်းကျင်ဆုံးအဆင့်မှာရှိတယ် "

မနိုင်စိန်လေးကြောင့် ခေါင်းသာခါရမ်းမိတော့သည်။ ကောင်လေးရဲ့လက်နုနုလေးကနေဖန်တီး‌ပေးမည့် ဟင်းလျာလေးကို သူမြည်းစမ်းရဦးမှာပေါ့ ။

" အဆင်သင့်ဖြစ်ပြီလား "

တံခါးမှာရှိသည့် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးသည့်အခါ ကောင်လေးကိုလှည့်ကြည့်ကာ မေးလိုက်တော့ ခေါင်းညိမ့်ပြ၏။ ထို့ကြောင့် သူလည်း တံခါးကိုတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ အနောက်ကပါလာသည့်ကောင်လေးမှာတော့ ပါးစပ်မှ တဝိုးဝိုး အသံထွက်သည်အထိပင် အံ့ဩနေလျက်။

အခန်းထဲတွင် guitar, piano, violin နှင့် drum စသည့်ကိရိယာများ စုံလင်စွာရှိသည့် စတူဒီယိုခန်းငယ်လေးဖြစ်သည်။ ဒီနေရာလေးက သူ့ရဲ့ဝါသနာလေးတွေ စုနေတဲ့နေရာလေးပေါ့။ တစ်ယောက်တည်းနေထိုင်သူ သူ့အဖို့ ဒီအခန်းထဲမှာပဲ ဝါသနာကိုလုပ်ကိုင်ရင်း အချိန်ကုန်လေ့ရှိသည်။ တွေးကြည့်မှ ကောင်လေးရောက်လာတည်းက သူ အလုပ်လုံးဝမလုပ်ဖြစ်တာကြောင့် ဒီအခန်းကို လုံးဝမဖွင့်ဖြစ်တာပဲ။

Hello December [ Completed ]Dove le storie prendono vita. Scoprilo ora