ခေါက်ဆွဲဘူးကိုဖွင့်လိုက်တော့ အငွေ့တလူလူက သူ့ မျက်နှာကိုထိတွေ့လာသည်။ ခေါက်ဆွဲကို ငုံ့စားနေစဉ်တွင် ဆိုင်တံခါးတွင်ချိတ်ထားသည့် ခေါင်းလောင်းလေး၏ မြည်သံကိုကြားလိုက်ရ၏။ ဆိုဂျူဘူးကို ဖွင့်လိုက်ပြီး တစ်ငုံမော့ချလိုက်သည်။ ပူစပ်စပ်ခေါက်ဆွဲအရသာသည် ခါးသက်သက်ဆိုဂျူအရသာနှင့်ပေါင်းစပ်လိုက်တော့ လုံးဝကို perfect ပင်။

ခေါင်းတစ်ချက်ဝေ့အကြည့်တွင် စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကို သူတွေ့သွားရသည်။ မုန့်တန်းတွေဘက်တွင် ကျောပိုးအိတ်အမဲထဲသို့ မုန့်များခိုးထည့်နေသည့်ကောင်လေး။ ကောင်တာက လှမ်းကြည့်လျင် မမြင်နိုင်ပေမယ့် စီစီတီဗွီမှာတော့ ရိုက်ထားမိမှာပဲလေ။

ကောင်လေးကလည်း အလည်လေးပါပဲ။ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး mask အမဲကို တပ်ထားသေးတာ။ ဟူဒီအမဲနှင့် ဂျင်းဘောင်းဘီကိုဝတ်ထားသည့် ထိုကောင်လေးက ဂျစ်တူးပုံစံလေးပေါ်နေပေမယ့် သူ့ မျက်လုံးထဲမှာတော့ ချစ်စရာကောင်းနေခဲ့တယ်။

ထိုင်နေရာကထပြီး ထိုကောင်လေးရှိသည့် မုန့်တန်းဘက်လျှောက်သွားလိုက်သည်။ မုန့်တစ်ခုကိုထပ်ယူနေသည့် ကောင်လေး၏လက်ကောက်ဝတ်ကို သူ ဆုပ်ကိုင်လိုက်သည့်အခါ အကြည့်က ဒိုင်းခနဲ သူ့ဆီရောက်လာသည်။ မျက်ဝန်းလေးတွေက ဝိုင်းစက်ကာ ကြည်လဲ့နေသည်။ သူပင် ငေးကနဲဖြစ်သွားခဲ့ရတယ်။

သူ ဆုပ်ကိုင်ထားသည့် လက်ကောက်ဝတ်ကို ကောင်လေးက မေးငေါ့ပြသည့်အခါ သူ့အကြည့်တွေက အခုမှ ကောင်လေးရဲ့မျက်ဝန်းတွေဆီကနေ လက်ဆီကို ရောက်သွားတော့သည်။ ဟူဒီလက်ရှည်ကို တံတောင်ဆစ်အနားထိ ဆွဲတင်ထားသည့် ကောင်လေး၏ လက်ကလေးတွေက ဖြူဖြူလေးရယ်။ လက်ဖြူဖြူလေးပေါ်မှာ တစ်စွန်းတစ်စတည်ရှိနေတဲ့ တက်တူးလေးတွေက တခြားသူနဲ့ဆိုရင် ‌မပြောတတ်ပေမယ့် ဒီကောင်လေးနဲ့တော့ သိပ်မိုက်သည်။ သူ့လက်ဖဝါးထဲ နစ်မြှုပ်နေသည့်လက်‌ကောက်ဝတ်လေးကို ကြည့်ပြီး ရင်ထဲ ကြည်နူးမိသွားသလိုလို။

အတော်ကြာ မလွှတ်ပေးဘဲ ကြည့်နေမိတာကြောင့် ကောင်လေးက ရုန်းထွက်တော့သည်။ ထို့နောက် ကျောပိုး‌အိတ်ဇစ်ကိုပိတ်ပြီး ကျောပိုးအိတ်ကိုလွယ်ကာ ထွက်သွားတော့မလို့ပြင်သည်ကြောင့် သူ တားဖို့ ကြိုးစားရသည်။ ခြေလှမ်းမြန်သည့် ကောင်လေးကြောင့် မမီ,မီရာကို လှမ်းဆွဲမိတာ ကောင်လေး၏ ကျောပိုးအိတ်ကိုဖြစ်နေသည်။

Hello December [ Completed ]Where stories live. Discover now