ကိုးတယောက် အတွေးများနှင့် ကြည်နူးနေစဉ် ရုတ်တရတ်.. သော်တာနိုင်က ဆိုင်ကယ်ကို ပလက်ဖောင်းဘေးတနေရာသို့ ဆွဲကပ်ပြီး ထိုးရပ်လိုက်လေသည်။ ထို့နောက် ဒေါက်ထောက်လိုက်ကာ ဆိုင်ကယ်ပေါ်မှ ဆင်းချသွားတာမို့ နောက်က ထိုင်လိုက်လာသည့် ကိုးခမျာ ကို့ရို့ကားယားအနေအထားဖြင့် ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းလိုက်ရတော့သည်။

သော်တာနိုင် ဆိုင်ကယ်ရပ်လိုက်သည့်နေရာကို ကိုး ဝေ့ကြည့်တော့.. သုဓမ္မာဇရပ်ကြီး နှစ်ခုကြားက အရိပ်အာဝါသကောင်းသည့် အပင်ကြီးများအောက်မှာ ပလတ်စတစ်စားပွဲ၊ ပလတ်စတစ်ခုံလေးများ ဖြစ်သလို နေရာချထားကာ လက်တွန်းလှည်းနှင့် တည်ခင်းရောင်းချနေသော ကျုံးဘေး အအေးဆိုင်လေးတဆိုင်ပင်။

သံပန်းဆရာသူဌေးရဲ့ တဦးတည်းသောသားလေးက မွေးနေ့မှာ ဧည့်ခံတာ လမ်းဘေးအအေးတခွက်တဲ့လား။

ကိုးရဲ့ မြင်ကွင်းထဲကို နေမပူပါပဲ ထီးအကြီးကြီးဖြင့် အုပ်မိုးထားသော ထိုင်ခုံနေရာများတွင် ပုန်းကာကွယ်ကာနှင့် ပလူးပလဲ လုပ်နေကြသည့် အတွဲတချို့လည်း ဝင်လာလေသည်။

အတွဲတွေချိန်းတွေ့တဲ့နေရာကို အကိုက ဘာလို့ သူ့ခေါ်လာရတာတဲ့လဲ..

“ မင်း.. လာခဲ့..”

ပြုံးစိစိဖြစ်ချင်နေသော ကိုးရဲ့နှုတ်ခမ်းတို့က သော်တာနိုင့်ဆီက ထွက်လာတဲ့ ခပ်မာမာ စကားသံအောက်မှာ တင်းခနဲ ဖြစ်သွားရပြီး နည်းနည်းမှ မလှုပ်ရဲတော့ပေ။ စူပုပ်နေတဲ့မျက်နှာထားကြောင့် ကိုးမှာ အထွန့်မတက်ရဲပဲ လိမ်လိမ်မာမာနဲ့ သော်တာနိုင် ခေါ်ရာဆီ အပြေးတပိုင်း သွားလိုက်လေသည်။

“ ထိုင်.. ဦးလေး ကျွန်တော့်ကို သံပရာရည်တခွက်..”

သော်တာနိုင်က လှည်းနားမှာရပ်နေသည့် ဦးလေးကြီးအား တစက်ကလေးမှမကြည့်.. ကိုးကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေရင်း လှမ်းမှာသည်။ တဆက်တည်း ကိုးကို မေးဆတ်ပြလိုက်ကာ..

“ မင်း ဘာသောက်မှာလဲ..”

“ ဟို…”

သော်တာနိုင့်ဆီက အေးတိအေးစက် အကြည့်တွေနဲ့ ခပ်မာမာ စကားသံတွေကြောင့် ချီတုံချတုံ ဖြစ်သွားရသည့် ကိုးမှာ သော်တာနိုင့်ရဲ့ တင်းမာနေသော မျက်နှာထားကို တစိမ့်စိမ့် ပြန်စိုက်ကြည့်နေရင်း.. သူ ဘယ်တုန်းက သော်တာနိုင့်ကို ကြောက်သွားရသလဲ.. ဘာဖြစ်လို့ ကြောက်နေရတာလဲ.. ဟု တွေးမိနေတော့သည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now