~~~~~~~~~~~~~~ // ~~~~~~~~~~~~~

"သားကြီးရေ...ဒီမှာ သားဖို့ "

ကျွန်တော် ခြံရှေ့က ပန်းပင်လေးတွေ ရေလောင်းနေတုန်း မေမေက ဘောလုံးအသစ်လေးတစ်လုံး ပေးလာပါသည်။ခရမ်းရောင်နဲ့ အဝါရောင် အစပ်ကြားလေးမို့ ကျွန်တော်မြင်မြင်ချင်းပင် သဘောကျသွားသည်။

"ပေး..."

ထိုဘောလုံးလေးက ကျွန်တော့်ဆီမရောက်လိုက်။ကျွန်တော့်ဆီ ရောက်ဖို့ လက်တစ်ကမ်းအလိုမှာ တစ်စုံတစ်ယောက်၏ ဆွဲလုခြင်းကိုခံလိုက်ရသည်။ဘယ်သူလဲဟု ကြည့်စရာမလို။ သူပဲ ဖြစ်မှာ။

"ဒီဘောလုံးကို သားယူမယ်"

သူက ကျွန်တော့်ကို မကြည့်ဘဲ မေမေ့မျက်နှာကိုပဲ ကြည့်ပြီး ပြောသည်။ သူ့လေသံက ခွင့်တောင်းသည့်ပုံစံမဟုတ်။ မေမေ့ဆီက စကားသံထွက်မလာခင် သူ့အပိုင်ကို သူယူလိုက်သလိုမျိုး ဆတ်ကနဲ ဆွဲယူသွားသည်။

ကျွန်တော် ဘာမှမပြောမိတော့။ အစကတည်းက ဖေဖေနဲ့မေမေ့ရဲ့ မေတ္တာတွေရော၊ ဒီအိမ်ရဲ့ ပစ္စည်းအားလုံးဟာ ကျွန်တော်မှမပိုင်ဘဲ။ မွေးစားသားဆိုသည့် အသိက အမြဲတမ်း ကျွန်တော့်ခေါင်းထဲမှာ အလိုအလျောက်သတိပေးသည့် ကိရိယာတစ်ခုလိုမျိုး တည်ရှိနေသည်။

"ကုကုလေးကလည်းကွယ်..သားလိုချင်ရင် အသစ်ဝယ်ပေးမှာပေါ့။ ဒါလေးက ကိုကို့အတွက်"

မေမေက ချော့မော့ပြီး ပြောသည်။ သို့သော်လည်း ထိုကောင်လေး၏ မျက်လုံးဝိုင်းလေးတွေက တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချထားသလိုမျိုး စူးရှနေသည်။

"ဟင့်အင်း...သားက ဒါကိုပဲလိုချင်တာ"

"ကုကု..."

မေမေ့အသံက ဒေါသသံစွက်သွားသည်။ ဒီတစ်ခါတော့ ကျွန်တော် ဝင်မပါလို့မဖြစ်တော့။ ဒီအိမ်ကိုရောက်ကတည်းက ကျွန်တော့်အတွက်ကြောင့် စိတ်ညစ်ရမှာ ၊ မိသားစုအချင်းချင်း စကားများကြမှာကို အကြောက်ဆုံးဖြစ်သည်။

"နေပါစေ..မေမေ။ ကျွန်တော် ဒီအရောင်ကိုမကြိုက်ဘူး။ ညီလေးယူပါစေ"

ပြောပြီးမှ ကျွန်တော်သတိရသွားပြီး ကိုယ့်ပါးစပ်ကိုယ် အုပ်လိုက်မိသည်။ ပြောမိပြန်ပြီ။ သူမကြိုက်ဘူးလို့ ပြောထားရက်နဲ့။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now