Happy Thadingyut 1/ Zawgyi

Start from the beginning
                                    

အိမ်ရှေ့တံစက်မြိတ်မှ စဉ်ဆက်မပြတ်ကျလာနေသော မိုးရေများကြောင့် ဦးသာဦး ပြတင်းပေါက်တံခါးများအား ထပိတ်လိုက်သည်။ မပိတ်ခင် ကောင်းကင်ကို ထပ်ကြည့်လိုက်တော့ ခမ်းပြောသည်မှာလည်း မှန်၏။ မိုးတအားများသဖြင့် ကားဂိတ်မှာ ကလေးတွေ မိုးမိမှာ စိုးရသည်။

"ခုလောက်ဆို ကားပေါ်ရောက်နေလောက်ပါပြီ။ ဖုန်းဆက်တုန်းက သွားတော့မယ် ပြောတယ်မလား"

"ဖုန်းဆက်တာတော့ နာရီဝက်လောက်ရှိပြီ။ အင်းလေ ဒီမှာရွာပေမယ့် ရန်ကုန်မှာ ရွာချင်မှ ရွာမှာပါ"

"ကြယ်သီးကူတပ်ပေးမယ်။ မိုးများလို့ မီးပြတ်သွားရင် တိုက်ဖြစ်လိုက်မှာ မဟုတ်တော့ဘူး"

မီးပူတိုက်နေသည့် အနားသွားထိုင်၍ အတည့်လှန်ပြီးသား အ၀တ်များအား ကိုင်ကာ ဆိုလိုက်လျှင် ခမ်းက ပြုံးကာ ခေါင်းညိတ်သည်။

"အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်တည်းနေရတော့ ပျင်းဖို့ကောင်းလိုက်တာ။ ကလေးတွေလာမှ အိမ်က စိုစိုပြေပြေရှိဦးမယ်"

"လိုက်ပို့ပါမယ်ဆိုတော့ ငြင်းနေပြီးတော့ ခုမျှော်နေပြန်ပြီ"

"ဪ အစ်ကိုရယ် ကလေးတွေ လွတ်လွတ်လပ်လပ်နေရအောင် ခမ်းက မသွားတာပါ။ သားကို သတိရတာပေါ့။ အစ်ကိုနဲ့ ကိုလတ်နဲ့ အဆင်မပြေရင် ခမ်းလည်း စိတ်ညစ်မယ်၊ သားလည်း စိတ်ညစ်မယ်မလား"

ဦးသာဦး ပြုံးလိုက်မိတော့သည်။

"မသိရင် အစ်ကိုကပဲ ကလေးတွေကို နှိပ်စက်နေသလို။ ဘာမှမလုပ်ပါဘူးကွာ ကတိပေးထားပြီးပြီပဲ။ သားစိတ်ညစ်အောင် အစ်ကိုထပ်မလုပ်တော့ပါဘူး။ မလုပ်လို့လည်း သူတို့လာမယ်ဆိုတော့ ခွင့်ပြုပေးခဲ့တာမဟုတ်လား"

"ခွင့်မပြုလည်း မရဘူးနော်။ သားအိမ်ပြန်လာတုန်း မျက်နှာကြီးလည်း တင်းထားမနေနဲ့။ ကိုလတ်က လန့်ပြီး နောက်ပြန်မပို့ဘဲနေမှ ကြားထဲက ခမ်းပဲ ငိုနေရမယ်"

"မင်းသားမက်လား လုပ်ရဲရင် လုပ်ကြည့်ပေါ့။ တစ်သက်လုံးစာအတွက် သားကိုပေးပြီးပြီ။ ခဏလောက်တောင် အိမ်ပြန်ခွင့်မပေးဘူးဆိုရင် အစ်ကိုကိုယ်တိုင် လိုက်ခေါ်မှာ"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now