Remember me 2

1K 146 34
                                    

[Unicode]

"ကိုလတ် ကိုလတ်ရေ...၊ ညီ‌လေး ! တံခါးဖွင့်ဦး"

အပြင်ဘက်မှ တံခါးထုသံ ကျယ်ကျယ်လောင်လောင်ကြောင့် လွမ်းလတ်နောင် တံခါး ထဖွင့်ပေးလိုက်သည်။ အပေါက်၀တွင် အ၀တ်အစားအသစ်များ ၀တ်ထားသည့် ကိုမြတ်က ပြုံးရွှင်ရွှင် အမူအရာဖြင့် ရပ်နေ၏။

"ဘယ်သွားမလို့လဲ ကိုမြတ်"

"အဘွားတို့အိမ် သွားမလို့။ ကိုလတ်လိုက်မလား လာခေါ်တာ"

အဘွားတို့အိမ် သွားရန် အစောကတည်းက စဉ်းစားထားခဲ့သည်မို့ လွမ်းလတ်နောင် ခေါင်းညိတ်လိုက်သည်။

"လိုက်မှာပေါ့။ ကိုဆက်နဲ့လည်း မတွေ့တာ ကြာပြီ။ ကိုဆက် ဒီမှာ ရှိသလား ကိုမြတ်"

အ၀တ်တစ်စုံထုတ်ရင်း လွမ်းလတ်နောင် မေးလိုက်လျှင် ကိုမြတ်က မျက်ခုံးကို လက်နှင့်ကုတ်ကာ စဉ်းစားနေ၏။

"ရှိမှာပေါ့။ သိပ်တော့ မတွေ့ဖြစ်ဘူးကွ"

"အင်းပါ။ မတွေ့တော့လည်း နောက်တစ်ခေါက်ပေါ့။ တီနွေက ဘယ်တော့ စွံမှာတဲ့လဲ"

ကိုမြတ်က ရယ်လေသည်။

"တီနွေက ရာသက်ပန် အပျိုကြီးလုပ်တော့မယ်တဲ့။ ငါ့ကိုတော့ အဲ့လိုပဲ ပြောတာပဲ"

လွမ်းလတ်နောင် တက္ကသိုလ် ဒုတိယနှစ် တက်ချိန်တွင် တီဝေက လက်ထပ်လိုက်ပြီး သူ့ခင်ပွန်း တာ၀န်ကျရာ ကချင်ပြည်နယ်သို့ လိုက်သွားလေသည်။ ညီလေးတစ်ယောက် ရနေပြီဖြစ်ပြီး တစ်နှစ် တစ်ခါလောက်တော့ပြန်လာတတ်၏။ တစ်ယောက်တည်း ကျန်ခဲ့သော တီနွေကတော့မူ အဘွားကို ဘယ်တော့မှ ထားမခဲ့ဟုဆိုကာ အိမ်၏ တာ၀န်အားလုံးအား လွှဲပြောင်းကာ ယူလိုက်သည်။

"မေမေ‌တို့တော့ လကုန်မှပဲ လာမယ်လို့ ပြောလိုက်နော် သားကြီး။ ညီအစ်ကိုနှစ်ယောက် လမ်းကို ဖြောင့်ဖြောင့်တန်းတန်းသွားကြ"

ဧည့်ခန်းထဲမှ မေမေ့၏ မှာကြားသံကြောင့် နှစ်ဦးသား သတိဆွဲကာ သံပြိုင်အော်လိုက်ကြသည်။

"ဟုတ်"

မေမေက ပိုသည်ဟူသော အမူအရာဖြင့် မျက်စောင်းလှမ်းထိုးသည်။ ဒီအရွယ်ရောက်နေသည့်တိုင် သူတို့ညီအစ်ကိုကို ငယ်ငယ်တုန်းကလို တွေ့ရာကြုံရာ ၀င်ဆော့မှာ မေမေက စိတ်ပူနေသေး၏။ သို့ရာတွင် ထိုအချက်ကလည်း မေမေ့၏ အလွန် ချစ်စရာကောင်းလှ‌သော အမူအကျင့်ပင် ဖြစ်ပြန်လေသည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now