Chapter 10 (Unicode)

3.4K 270 3
                                    

ကုန်လွန်ရွေ့လျားလာသည့် အချိန်၊နေ့ရက်၊ရာသီများနှင့်အတူ ရှင်သန်ကြီးပြင်းလာသည့် သူတို့၏ ချစ်ခြင်းတရားများသည် အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။ တစ်နေ့ထပ် တစ်နေ့ နှလုံးသားကို အခြေကုပ် အမြစ်တွယ်လာသည့် ချစ်ခြင်းများနှင့် အတူယှဉ်တွဲ၍ သံယောဇဉ်ကြိုးများသည်လည်း တစ်စထပ် တစ်စ တိုး၍ ခိုင်မာစွာ ရစ်နှောင်တွယ်ငြိလာကြ၏။ တစ်နှစ်ပြည့်လုနီးနီး ချစ်သူသက်တမ်းတစ်ခုသည် သူတို့ ပြုစုပျိုးထောင်ထားသည့် အချစ်ပန်းပွင့်လေးတစ်ပွင့် ကောင်းစွာကြီးပြင်းရှင်သန်နိုင်သည့် လုံလောက်သည့် အချိန်ကာလတစ်ခု ဖြစ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ယုံကြည်ထားမိဖူးပါသည်။

“မောင့်ရဲ့ နေကြာရိုင်းလေး”

သူသည်လို ပြောတော့ မှိုင်းက ရှက်တစ်ဝက်၊ ကြည်နူးတစ်ဝက်အပြုံးလေးဖြင့် ပြုံးသည်။ မှိုင်း အခုတော့ သူ့စကား၏ အဓိပ္ပါယ်ကို နားလည်သိရှိသွားပြီ။ တစ်ချိန်တုန်းကတော့ သူသည်လိုပြောလျှင် ကြောင်အမ်းအမ်းမျက်နှာလေးနှင့် သူ့ကို စိုက်ကြည့်ရင်း…-

“မောင့်ရဲ့နေကြာရိုင်းလေး ဟုတ်လား။ မောင် ဘာကို ဆိုလိုတာလဲဟင်။ မှိုင်း သိပ်မရှင်းဘူး”…..ဟု ပြန်မေးခဲ့ဖူးသည်။

ထိုအချိန်တွင် သူသည် နေကြာရိုင်းပန်းလေး၏ အဓိပ္ပာယ် ပန်းစကားကို ရှင်းပြရပါတော့သည်။

“နေကြာရိုင်းကို ကိုယ်စားပြု တင်စားတဲ့ စာလုံးလေးတွေ ရှိတယ် မှိုင်းရဲ့။ Adoration လို့ခေါ်တဲ့ မြတ်နိုးကြင်နာခြင်း၊ Faith လို့ခေါ်တဲ့ ယုံကြည်ခြင်း၊  Loyalty ဆိုတဲ့ သစ္စာစောင့်သိခြင်းတွေပဲ။ ဒီစကားလုံးလေး သုံးခုက နေကြာရိုင်းလေးကို ကိုယ်စားပြုတယ် မှိုင်းရဲ့”

သူသည်လို ဆိုတော့မှ မှိုင်း၏ တွေဝေဟန်နှင့် စေ့ပိတ်ထားသည့် နှုတ်ခမ်းလေးများသည် ကော့ညွတ်‌ပျော့‌ပျောင်းလာခဲ့သည်။

“ဒီတော့ မှိုင်းက မောင့်ရဲ့ နေကြာရိုင်းလေးတစ်ပွင့်ပေါ့။ မောင့်ရဲ့ စိတ်ချယုံကြည်ရခြင်း၊ မောင့်အပေါ် သစ္စာစောင့်သိခြင်း၊ မောင့်ရဲ့ မြတ်နိုးကြင်နာရခြင်း ပန်းလေးတစ်ပွင့်က မှိုင်းပေါ့”

တိမ်တွေနေတဲ့ 'အရပ်' [Completed]Where stories live. Discover now