အံကြိတ်ငိုနေတဲ့ ကိုးကို ရပ်ကြည့်နေရင်း ရုတ်တရတ် သော်တာနိုင့်နားထဲမှာ.. “ သူလား.. အခု လမ်းဆုံလမ်းခွတခုမှာ ရပ်နေတယ်.. လမ်းညွှန်ဆိုင်းပုဒ်မှာ ရေးထားတာက တဖက်က အတိတ်.. တဖက်က အနာဂတ်တဲ့.. သူ ဘယ်ကိုမှမသွားချင်ဘူး.. အဲ့နေရာလေးမှာပဲ ပစ္စုပ္ပန်တည့်တည့်က လမင်းကြီးကို ငေးနေတုန်းပဲ..” ဆိုတဲ့ ကိုး ပြောပြဖူးသည့်စကားလုံးများကို ကြားယောင်လို့လာသည်။

“ တဖြည်းဖြည်း သူ ခံစားလာရတာက ဒီလောကကြီးထဲမှာ သူ ဘယ်တော့မှ အံခွင်ဝင်ကျ မဖြစ်တော့ဘူးဆိုတာပဲ.. အဲ့ဒါနဲ့ သူ ပြေးထွက်လာတယ်.. ပြေးရင်း ပြေးရင်း.. အားလုံးနဲ့ဝေးတဲ့နေရာကိုရောက်တော့ သူ့မှာ မြေပြင်ရယ် ကောင်းကင်ရယ်နဲ့ လင်းထိန်နေအောင် အပြည့်အ၀ သာနေတဲ့ လမင်းကြီးပဲ ရှိတော့တယ်..” သတဲ့။

ဒါတွေက တခြားတယောက်ရဲ့ပုံပြင် ဘယ်ဟုတ်ပါ့မလဲ.. ဒီစကားတွေက တခြားတယောက်ရဲ့အဖြစ်အပျက်တွေ ဘယ်ဖြစ်နိုင်ပါ့မလဲ.. ဒီခံစားချက်တွေက တခြားတယောက်ဆီကနေ ဘယ်လိုလုပ် မြင်ရတွေ့ရကြားရတာမျိုး ရှိနိုင်ပါ့မလဲ..

ဒီကျိုးကြေနေမှုတွေက အိမ်မက် တဲ့လား။ လိမ်တာ..

အများကြီးမစဉ်းစားနိုင်သေးခင်မှာ.. သော်တာနိုင်ရဲ့ခြေလှမ်းတွေက ကိုးဆီကို ဦးတည်နေနှင့်လေပြီ။ အနားကိုတိုးကပ်သွားတဲ့အခါ ကိုးက သော်တာနိုင့်ဘက် စောင်းကြည့်လာလေသည်။

စိုလက်စ မျက်ရည်စများနဲ့အတူ မျက်တောင်ဖျားလေးတွေက ပူးကပ်လို့။

အသားညိုသူမို့ နှာခေါင်းထိပ်နဲ့ မျက်ခမ်းစပ်လေးတွေ နီရဲနေတာက လရောင်နဲ့ အနီးကပ်ကြည့်မှ သိသာသည်။

အညိုရောင်သန်းနေသည့် မျက်ဝန်းထဲမှာကတော့ ဝမ်းနည်းရိပ်အပြည့်။

“ ဘာမှမမေးပါနဲ့ အကို.. ကျွန်တော် အကို့ကို မရှင်းပြတတ်လို့ပါ..”

ပြောပြောဆိုဆိုနဲ့ မျက်ရည်တွေသုတ်ရင်း ကိုးက မျက်နှာလွှဲသွားတယ်။

“ မင်းကို စိတ်ဆိုးတယ်..”

“ ဗျာ..”

ကိုးတယောက် နားမလည်ဟန်နဲ့ ပြန်လှည့်ကြည့်လာတော့ သော်တာနိုင်က ခပ်တည်တည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now