နှစ်ဦးသားတွေရဲ့သလွန်တွေကို ကျွန်းသားနံရံလေးတစ်ခုသာ ခြားသည်။တစ်ဖက်အခန်းတွင်နန်းစောရှင်ရှိသည်ဆိုသည့်အသိက ဗညားသတိုးနှလုံးသားလေးကို နူးညံ့သွားစေသည်။နန်းစောရှင်ရဲ့သိမ်မွေ့သည့်မျက်နှာလေးကို မြင်ယောင်မိပြန်တော့ နှလုံးသားကချိုမြိန်မှုကို ခံစားရလေသည်။ဗညားသတိုး နံရံဖက်ကိုတိုးသွားပြီး ကျွန်းသားနံရံလေးကို လက်နှင့်အသာထိလိုက်သည်။တစ်ဖက်ကလှုပ်ရှားမှုသေးသေးလေးကိုများ ဖမ်းမိလေမလားလို့ မျှော်လင့်မိသော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ ဗညားသတိုးမခံစားမိ။ဗညားသတိုး လက်ကိုပြန်ရုတ်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ကျွန်းသားကထူလိုက်တာ"

နန်းစောရှင် စုလည်းဆံပင်ကိုဖြည်ချပြီး ငွေခွက်လေးထဲက ပန်းနံ့သာထုံမွှန်းထားသည့်အုန်းဆီကို ကေသာထက် ဖိဖိစီးစီးလိမ်းသည်။ကြက်သွေးရောင်ပိုးကြိုးကို သုံး‌၍သျှောင်ကိုသေသပ်စွာထုံးတော့ နောင်တော်ကြီးရဲ့စကားသံကို ကြားယောင်မိပြန်သည်။

'ညီထွေးငယ်တောင် သျှောင်ထုံးရမယ့်အရွယ်ရောက်ပါ့ရော့လား'

နန်းစောရှင် ကြေးမုံပြင်ထက်က ပုံရိပ်ကိုစူးစိုက်ကြည့်နေသည်။သျှောင်ထုံးထုံးထားသည့်ကိုယ့်ကိုယ်ကို မြင်နေရသော်ငြား နောင်တော်ကြီးကတော့မရှိတော့ပြီ။ကြက်သွေးရောင်နဖူးစည်းကိုစည်းပြီး တောင်ရှည်ပုဆိုးစကို သေသပ်စွာပြုပြင်လို့ အခန်းပြင်ထွက်သည်။

အခန်းရှေ့တွင်တော့ တပ်မင်းသမိန်သူရကိုတွေ့ရသည်။သမိန်သူရက တပ်မင်းတစ်ယောက်ရဲ့ဝတ်စားပုံနှင့် ဆောင်ဓားကိုကိုင်လျက် နန်းစောရှင်ကိုစောင့်နေသည်။ငယ်ရွယ်တက်ကြွသည့်မျက်နှာအသွင်အပြင်လေးက‌ နန်းစောရှင်ကိုစိတ်လက်ပေါ့ပါးစေသည်။

"မင်းသားငယ် ကျွန်တော့်နောက်လိုက်ခဲ့ပါ အိမ်ရှေ့မင်း စောင့်နေပါတယ်"

နန်းစောရှင် ခေါင်းညိတ်ပြလိုက်သည်။နန်းစောရှင် အိမ်ရှေ့မင်းဗညားသတိုးကို မတွေ့ရသည်မှာတစ်ပတ်ခန့်ရှိပြီ။ယခု အိမ်ရှေ့မင်းစောင့်နေတယ်ပြောတော့ နန်းစောရှင်စိတ်ထဲအနည်းငယ်သက်သောင့်သက်သာရှိလာသလို ခံစားလိုက်ရသည်။သမိန်သူရ ရှေ့ကလျှောက်သွားပြီး မြင်းတစ်ကောင်ပေါ်လွှားခနဲ ခုန်တက်သည်။နန်းစောရှင်လည်း မြင်းပေါ်ခုန်တက်လိုက်သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now