" ကျွန်တော် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်မိတဲ့အတွက် ကျွန်တော့်ကို အပြစ်ပေးပါ။ "

လီရှီချင်းက သူ့လက်ကိုပြန်မရုတ်သွားပဲ ရှောင်းလီရဲ့ မျက်နှာဘေးဘက်ခြမ်းကို သူ့လက်ချောင်းတို့ဖြင့် ထိတွေ့နေကာ ရုတ်တရက် ထမေးတယ်။

" မင်း ဟန်ကျားကို သွားကယ်တုန်းက အသက်ရှင်လျက်ပြန်လာမယ်လို့ မတွေးထားဘူး မှတ်လား။ "

ရှောင်းလီက ဘာတစ်ခွန်းမှ ပြန်မပြောတော့ လီရှီချင်းလည်း တွန်းအားပေးမနေတော့ပဲ သူ့လက်ကိုသာ အသာပြန်ရုတ်လိုက်တယ်။

" ဒီတစ်ခေါက်ကတော့ မင်း တော်တော်လေး မနာခံတာပဲ။ ငါသာ အပြစ်မပေးပဲနေရင် ချင်းရယ်က သူ့လူကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးလို့ သူများတွေထင်နေတော့မှာ။ မင်းကိုယ်မင်း ကောင်းကောင်း ပြန်သုံးသပ်။ ပြီးတော့ အရှေ့ပိုင်းက ပိုင်နက်တစ်ဝက်ကို ယန်မင်ကို လက်လွှဲလိုက်။ "

" ဟုတ်ကဲ့ ချင်းရယ် "

ကားက ရှောင်းလီရဲ့နေရာကို ရောက်တော့ တဖြည်းဖြည်းနဲ့စက်ရှိန်သပ်ပြီး ရပ်သွားတယ်။ ရှောင်းလီ ကားပြင်ထွက်ကာ လီရှီချင်းကို နှုတ်ဆက်စကားဆိုရန်ပြင်တော့ သူ့လက်ကို ရုတ်တရက်ဖမ်းဆွဲခံလိုက်ရတယ်။

" ရှောင်းလီ.... ငါတို့ စောစောက ဘာပြောခဲ့လဲ။ မင်းသေချာပြန် စဉ်းစားထား။ "

ရှောင်းလီ သူ့လက်ကိုပြန်ဆွဲရင်း

" ချင်းရယ်... ကျွန်တော် သွားလိုက်ပါဦးမယ်။ "

ထွက်သွားပြီးတော့လည်း ကားကိုလှည့်တောင်မကြည့်။

ကားက တစ်ခဏအတွင်းပြန်မောင်းထွက်သွားတယ်။ ရှောင်းလီလက်ကို ဆုပ်ကိုင်ခဲ့တဲ့ သူ့လက်ဖဝါးကို ကြည့်ကာ လီရှီချင်း ကျေနပ်အားရစွာပြုံးလိုက်ပြီး ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို ခေါ် လိုက်တယ်။ တစ်ဖက်က ' ဟဲလို ' လို့ပြန်ထူးသံက အတော် ပျင်းရိလေးတွဲ့ပုံရကာ တစ်ခုခု ကောင်းတာလုပ်နေတုန်း ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသလို စိတ်မကျေနပ်တဲ့လေသံ ဖြစ်တယ်။

" ယန်မင်... ရှောင်းလီက ဂိုဏ်းစည်းကမ်း ချိုးဖောက်ထားလို့ အရှေ့ဘက်က ပိုင်နက်တစ်ဝက်ကို မင်းလက်ထဲ အပ်ဖို့ ပြောထားတယ်။ သူ့ကို ဆက်သွယ်လိုက်ဦး။ "

Lawless Gangster (Myanmar Translation)Where stories live. Discover now