"ပြီးမှ ထယ်ယောင်းလေး ငါ့ကို ချက်ကျွေးပါဦးလို့ မပြောကြေးနော်"
"မင်းက အာချည်းပဲ"
"ဒါကတော့ မင်းနဲ့တူတာလေ"
ဂျီမင်းက အနီးနားက ကျောက်စရစ်ခဲတစ်လုံးနဲ့ ကောက်ပေါက်လိုက်တော့ ထယ်ယောင်းက မရှောင်ဘဲ လက်နဲ့ဖမ်းယူလိုက်သည်။ ဆယ်စုနှစ်တွေချီပြီး ပေါင်းသင်းလာခဲ့တာ ဒီအထာတွေကိုလည်း ဖင်တပြန်ခေါင်းတပြန် နပ်နေပြီးသား။
"လာပါ။ ထစမ်းပါ။ သားကောင်သွားဖမ်းရအောင်"
မြေပြင်ပေါ်မှာ ပျင်းရိပျင်းရွဲထိုင်နေသည့် သူငယ်ချင်းရဲ့ လက်တစ်ဖက်ကို ဆွဲမကာ ထူလိုက်ပေမဲ့ ကိုယ်တော်ချောက ဖင်မှာ သံလိုက်ကပ်ထားသလို အပျင်းကြီးပြသည်။ ငယ်ငယ်တုန်းကလို ကလိထိုးပစ်လိုက်တော့ တစ်ကိုယ်လုံး တွန့်လိမ်သွားကာ ရယ်သံတွေ ထွက်ကျလာသည်။
မိမိမျက်စိရှေ့မှာ ချစ်ကြည်နူး၊ တစ်တီတူးနေသလို အနေအထားကြောင့် ဘောလုံးလေးဂျောင်ဂုရဲ့ မျက်လုံးဝိုင်းလေးတွေက မှေးကျဉ်းသွားရသည်။ ပတ်ဂျီမင်းက ဘယ်လိုဖေကြီးလဲ။ သားဖြစ်သူရှေ့မှာတောင် နည်းနည်းပါးပါး ဆင်ခြင်မယ်၊ အိန္ဒြေဆယ်မယ်မရှိဘူး။ တဟီးဟီး တဟားဟားနဲ့ ရုပ်ပျက်ဆင်းပျက်တွေ။
"မင်း တကယ်ချက်တတ်လို့လား"
"ကြွေသွားစေရမယ်"
ဂျီမင်းနဲ့ စစနောက်နောက် ပြောဆိုနေရင်းက မသိစိတ်ရဲ့ စေ့ဆော်မှုကြောင့် အဖြူရောင်အလုံးလေးကို ကြည့်လိုက်တော့ မိမိကို စားမတတ်၊ ဝါးမတတ် ပြာကျနိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ထင်တဲ့အတိုင်းပဲ အူတိုနေတာ။
ထယ်ယောင်းကြည့်နေသည့် နေရာကို ဂျီမင်းကပါ ကြည့်လိုက်မိတော့ ကျောက်ဖျာထက်ကနေ သူတို့နှစ်ယောက်ကို စူးစူးရဲရဲကြည့်နေသည့် အနီရောင်မျက်လုံးလေးများနှင့် ဘောလုံးလေးကို တွေ့လိုက်ရသည်။ ဗိုက်ဆာနေပြီထင်တယ်။
"မြန်မြန်သွားရအောင်"
"အင်း"
ဂျီမင်းက ဘောလုံးလေးကို ဗိုက်ဆာနေလို့ ဒေါသထွက်နေတာဟု မှတ်ယူလိုက်ကာ ထယ်ယောင်းနဲ့ ဆက်မကစားတော့ဘဲ ဘောလုံးလေးအတွက် စားစရာ တစ်ခုခုရှာပေးဖို့ နေရာကထရပ်လိုက်တော့သည်။
အပိုင်း (၁၀)
Comincia dall'inizio