သမိန်သူရိန်နဲ့သမိန်သူရ မောင်းထုသံကိုပစ်ချကာ စစ်သည်တွေကြားထဲဝင်ရောက်ကိုယ်ယောင်ဖျောက်လိုက်ပြီး စစ်မြင်းကိုစီးကာမြောက်အရပ် နန်းမြို့ရိုးမှခွာသည်။အိမ်ရှေ့မင်းအမိန့်ကို နာခံရမည်။အိမ်ရှေ့မင်းအမိန့်အရ ပြည်မြို့တောစပ်တွင် ဆုံမည်။သမိန်သူရိန်နဲ့သမိန်သူရ မြင်းဇက်ကြိုးကိုဆွဲကာအကြည့်နှင့်အပြန်အလှန်နားလည်မှုယူလိုက်ပြီး ဆောင်ဓားကိုလွယ်လျက် ပြည်မြို့ကိုပြေးသည်။

စစ်မောင်းသံကိုကြားတာနှင့်ဗညားသတိုး ဇမ္ဗုကိုချွန်းထိန်းကာ တောင်အရပ်နန်းမြို့ရိုးမုခ်ဝကို ထိုးဖောက်လိုက်သည်။စစ်သည်တွေကား မြို့ရိုးတစ်လျှောက် ရှုပ်ယှက်ခတ်နေသည်။နန်းမြို့ရိုးအပြင်ကိုရောက်တာနှင့် မြှားတစ်စင်းကနန်းစောရှင်လက်မောင်းကို ရှပ်ထိသွားသည်။နန်းစောရှင် လှည့်ကြည့်လိုက်‌တော့ တိုက်ဆင်တေဇပေါ်ကမင်းရဲဗလကို တွေ့လိုက်ရသည်။နန်းစောရှင် တုန်လှုပ်လာပြီး ဗညားသတိုးကိုဖက်ထားသည့်လက်မောင်းတွေက ပိုလို့တင်းကြပ်သွားသည်။ နန်းစောရှင် လက်မောင်းကသွေးတွေကဖြာခနဲကျလာပြီး ဗညားသတိုး ခါးကိုပူနွေးလာစေသည်။

မင်းရဲဗလ ဇမ္ဗုဝမ်းကိုအစွယ်နဲ့ထိုးရန် တေဇကိုချွန်းပေါက်ကာ‌ စေခိုင်းသည်။ဗညားသတိုး
ဇမ္ဗုကိုချွန်းထိန်းကာ ဦးတည်ရာကိုလှည့်စေလျက် တေဇကိုရင်ဆိုင်သည်။မင်းရဲဗလဘေးမှစစ်သည်တွေလည်း အနားကိုမကပ်ဝံ့။မြှားနဲ့လည်းမပစ်ဝံ့။အရှင်သခင်ဖြစ်သည့်မင်းရဲဗလကိုထိမှန်မှာ စိုးရသည်။တေဇနဲ့ဇမ္ဗုအစွယ်ချင်းယှက်မိကြပြီး ဗညားသတိုးကမင်းရဲဗလကိုလှံရှည်နဲ့ထိုးသည်။

တေဇသည်ဇမ္ဗုရဲ့အနံ့ကိုရတာနှင့် နှာမောင်းကိုကြမ်းတမ်းစွာ ယမ်းလျက်စူးစူးဝါးဝါးအော်ရင်းခြေကိုဆောင့်သည်။ဗညားသတိုးမျက်နှာပေါ်၌အေးစက်သည့်အပြုံးလေးပေါ်လာပြီး ချွန်းကိုကျွမ်းကျင်စွာထိန်းလျက် တေဇအနားမှခွာလိုက်သည်။ဆင်တွေရဲ့အမှုကိုကောင်းစွာသိတဲ့ဗညားသတိုး သေချာသိလိုက်သည်။

'တေဇ မုန်ယိုပြီ'

‌မင်းရဲဗလ ‌တေဇကိုမနိုင်မနင်းထိန်းသိမ်းနေရသည်။တေဇသည်မင်းရဲဗလရဲ့လက်ကချွန်းကိုမနာခံတော့။ခြေကိုပြင်းထန်စွာဆောင့်လျက်  အော်ဟစ်နေသည်။ဗညားသတိုး ဇမ္ဗုကိုချွန်းထိန်းလျက် မြို့ပြင်ကိုအပြင်းနှင်သည်။မင်းရဲဗလ လေးညှို့ကိုဆွဲကာမြှားကိုပစ်လွှတ်သည်။ သို့သော် တေဇကယိမ်းယိုင်နေ၍ဗညားသတိုးတို့ကိုမထိ။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now